၁၂. ၈. ၂၀၂၃
Written by Pan Ei
မကြာသေးမီက “X” လို့ အမည်ပြောင်းခဲ့တဲ့ Twitter ရဲ့ ပိုင်ရှင် ကမ္ဘာကျော် ဘီလျံနာ အီလွန်မတ်စ် နဲ့ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ပိုင်ရှင် မာ့ခ် ဇူကာဘာ့ဂ်တို့ ပြီးခဲ့တဲ့ ဇွန်လက လှောင်အိမ်ထဲမှာ ထိုးသတ်ဖို့ သဘောတူခဲ့ကြရာ အီလွန်မတ်စ် ဘက်ကနေ ဇူကာဘာ့ဂ် ကို ဝိုင်းထိုးပေးဖို့ အီလွန်မတ်စ်နဲ့ ရုပ်ချင်းဆင်လွန်းလှတဲ့ တရုတ်နိုင်ငံက အမျိုးသားကလည်း လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။
Tesla နဲ့ SpaceX စီအီးအိုဖြစ်တဲ့ အီလွန်မတ်စ် နဲ့ အံအားသင့်စရာကောင်းလောက်အောင် တူတာကြောင့် အရင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ သူဟာ Yilong Ma လို့အမည်ရပြီး မကြာသေးမီက ဇူကာဘာ့ဂ် ရဲ့ မျက်နှာကပ်ထားတဲ့ ကတ်ထူပုံးဆောင်းထားတဲ့သူကို လက်သီးနဲ့ထိုးနေတဲ့ပုံတွေပါတဲ့ သူ့ရဲ့ ရွှတ်နောက်နောက် ဗီဒီယိုဟာ X မှာ တော်တော်လေးကို ပျံ့နှံ့ခဲ့ပြီး အီလွန်မတ်စ်ရဲ့ အာရုံကိုပါ ဖမ်းစား နိုင်ခဲ့ကာ အီလွန်မတ်စ်ကတော့ သူဟာ လူအစစ် ဒါမှမဟုတ် ဉာဏ်ရည်တု (AI) နဲ့ လုပ်ထားတာ ဟုတ်မဟုတ် အတိအကျကို မသိရသေးဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
Yilong Ma ဟာ အီလွန်မတ်စ် နဲ့ တူလွန်းတဲ့ အသွင်အပြင်ကြောင့် ၂၀၂၀ ခုနှစ်ကတည်းက နာမည်ကြီးနေခဲ့တာဖြစ်ပြီး အဲဒီတုန်းက အင်တာနက်အသုံးပြုသူတော်တော်များများက Yilong ကို အီလွန်မတ်စ်ရဲ့ တရုတ်က အမြွှာညီအစ်ကို လို့တောင် ခေါ်ဝေါ်ခဲ့ကြပါတယ်။
အီလွန်မတ်စ်နဲ့ ဇူကာဘာ့ဂ်တို့ရဲ့ ထိုးသတ်ပွဲကို ရောမမြို့မှာ ပြုလုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြုလုပ်မယ့် ရက်ကိုတော့အတိအကျမသိရသေးဘဲ သူတို့ရဲ့ ယှဉ်ပြိုင် ထိုးသတ်ပွဲကိုတော့ X နဲ့ Meta မှာ ထုတ်လွှင့်သွားမယ်လို့လည်း အီလွန်မတ်စ်ရဲ့ အဆိုအရ သိရပါတယ်။
Ref; NDTV