၁၂. ၈. ၂၀၂၃
Written By Thandar
စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ အကယ်ဒမီဦးမြင့်ဦး(ခ)မြင့်ဦးဦးမြင့် အသက် ၆၇ နှစ်မှာ ကျောက်ကပ်ရောဂါနဲ့ ယနေ့ ဩဂုတ် ၁၂ရက် နံနက် ၀၀:၃၀ နာရီက ကွယ်လွန်ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဦးက MT News ကိုပြောပါတယ်။
“သမီးရေ ဦးက မနေ့က ကျောက်ကပ်ရောဂါနဲ့ ည ၁၂ နာရီ ကျော်လောက်က ကွယ်လွန်သွားခဲ့တာပါ။ အန်တီအနေနဲ့ ကိုယ့်ခင်ပွန်းဆုံးရှုံးတဲ့အပေါ် ရင်ထဲတော့ မကောင်းဘူး။ သူ့ဆန္ဒအရ အန်တီတို့ နေ့ချင်းပဲ သင်္ဂြိုလ်ဖို့ စီစဉ်လိုက်တာပါ”လို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဦးက MT News ကို ပြောပါတယ်။
အကယ်ဒမီ ဇာတ်ညွှန်း ဦးမြင့်ဦးဦးမြင့်ရဲ့ ရုပ်ခန္ဓာကို ဩဂုတ်၁၂ ရက် ညနေ ၂နာရီမှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဟာမြိုင်အိမ်ရာ တိုက်၆ အခန်း B/ 4 နေအိမ်ကနေ ကားတွေထွက်ခွါပြီး ရန်ကုန်မြို့ ရေဝေးသုဿန်သို့ ညနေ ၄ နာရီမှာ ပို့ဆောင်မီးသင်္ဂြိုဟ်မှာဖြစ်ပါတယ်။
ဩဂုတ်လ ၁၈ ရက်မှာတော့ ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မဟာမြိုင်အိမ်ရာ တိုက်၆ အခန်း B/ 4 နေအိမ်မှာ ဘုရားအမှူးရှိ ပင့်သံဃာအရှင်သူမြတ်တို့ကို ဆွမ်းခဲဘွယ်အစရှိတာတွေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
သူဟာ ကဗျာဆရာကနေ ဇာတ်ညွှန်းရေးဆရာအဖြစ် ဇာတ်ကားပေါင်းများစွာကို ရေးသားခဲ့ပြီး ၂၀၀၉ ခုနှစ်က ဒါရိုက်တာ ဇင်ရော်မောင်မောင် ရိုက်ကူးတဲ့ ကြိုးကြာတောင်ပံခတ်သံ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်ညွှန်းထူးချွန်ဆုအနေနဲ့ အကယ်ဒမီ ဆုကိုဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။ “ကြိုးကြာတောင် ပံခတ်သံ” ဟာ ၂၀၀၇ ခုနှစ်က အမျိုးသားစာပေဆုရဝတ္ထု တစ်ပုဒ်ကို ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ပြန်လည် ရိုက်ကူးပုံဖော်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဇာတ်ညွှန်း အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အကယ်ဒမီဆင်ဆာအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
အကယ်ဒမီ ဇာတ်ညွှန်းဆရာ ဦးမြင့်ဦးဦးမြင့် ကွယ်လွန်တဲ့အပေါ် စာပေလောကတစ်ခုလုံးက တန်ဖိုးရှိ အနုပညာကြယ်ပွင့်တစ်ပွင့်အတွက် ဝမ်းနည်းကြေကွဲနေကြပါတယ်။