၁၂. ၈. ၂၀၂၃
Written by Ye Kyaw
ပုသိမ်လေယာဉ်ကွင်းအား နိုင်ငံတကာမှ လေယာဉ်များ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်တစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် ကောင်းမွန်လျက်ရှိပြီးဖြစ်သော်လည်း အချို့သော လမ်းပိုင်းနေရာများ၌ အဆင့်မြှင့်တင်ပေးရန် လိုအပ်လျက်ရှိမှုတို့ကို ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများက ဆွေးနွေးတင်ပြခဲ့ကြသည်။
လမ်းပန်းဆက်သွယ်မှုနှင့် ပတ်သက်၍ ပုသိမ်-ရန်ကုန် ဖြတ်သန်းသွားလာမှုသည် နေ့စဉ် ယာဉ်အစီးပေါင်းများစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း၊ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်များတွင် နေ့စဉ်ယာဉ်အစီးရေ သွားလာမှုအပေါ်မူတည်၍ လမ်းများကို အဆင့်မြှင့်တင်ရသည်ဖြစ်သဖြင့် အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပုသိမ်လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင် သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အဖွဲ့ဝင်များသည် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများနှင့် စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။