◾ယမန်နှစ်ကာလတူက လူ ၃၉၀ သာ ထိခိုက်သေဆုံးခဲ့၍ ပြည်သူ့သေဆုံးမှု ရာခိုင်နှုန်း မြင့်တက်လာ
၁၂. ၈. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများပေါက်ကွဲမှုအကြိမ်ရေ ၃၀၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၅၆ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်သော UNICEF က သတင်းထုတ်ပြန်လိုက်သည်။
UNICEFသည် မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၏ ပထမ ခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် သေဆုံး၊ ဒဏ်ရာရသူစာရင်းကို ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့ရာ ခြောက်လအတွင်း ထိခိုက်သေဆုံးသူဦးရေ ၅၅၆ ဦးရှိနေကြောင်း ဖော်ပြခဲ့သည်။ ၂၀၂၃ခုနှစ် ပထမခြောက်လအတွင်း ထိခိုက်သေဆုံးသူအရေအတွက်သည် ၂၀၂၂ ခုနှစ်ပထမ ခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူအရေအတွက်ထက် ၁၄၃ ရာခိုင်နှုန်းမြင့်တက်နေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ၃၉၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း UNICEF က ဖော်ပြသော အချက်လက်များအရသိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသောပစ္စည်းများကြောင့် သေဆုံးသူ ၁၀၂ ဦးနှင့် ဒဏ်ရာရသူ ၄၅၄ ဦး ရှိခဲ့ပြီး စုစုပေါင်း ၅၅၆ ဦး သေဆုံးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် စစ်ကိုင်းတိုင်းဒေသကြီးသည် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရသူအများဆုံးရှိနေပြီး နိုင်ငံတဝှမ်းဖြစ်ပွားခဲ့သော သေဆုံးဒဏ်ရာရသူအရေအတွက်၏ ၄၀ ရာခိုင်နှုန်းက စစ်ကိုင်းတိုင်းဒေသကြီးမှဖြစ်ကြောင်း UNICEF အဖွဲ့က ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကြောင့် သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကလေးငယ် ၈၄ ဦးပါဝင်နေပြီး အဆိုပါအရေအတွက်အနက် ကလေးငယ် ၂၆ ဦး သေဆုံးကာ ၅၈ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
Ref- — UNICEF