၁၁. ၈. ၂၀၂၃
Written by Pan Ei
မြန်မာနိုင်ငံမှာ မုတ်သုံမိုးကြောင့် ရေကြီးရေလျှံ၊ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးခဲ့သလို လူပေါင်း ၄၀,၀၀၀ ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ တာဝန်ရှိသူက သောကြာနေ့က ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းကို အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အခုလိုအချိန်ဆို နှစ်စဉ် မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသလို မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းမှာ ကမ္ဘာတစ်ဝန်းမှာလည်း ပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ဖြစ်ပွားခဲ့ရာ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ သိပ္ပံပညာရှင်တွေကတော့ ရာသီအကူးအပြောင်းကြောင့် ပိုမိုဆိုးရွားတာဖြစ်တယ်လို့ ကောက်ချက်ချထားကြပါတယ်။
ရခိုင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ မေလက မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကျေးရွာနဲ့ လယ်မြေအများအပြား ရေမြုပ်ခဲ့တာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုတွေကြောင့် လူငါးဦး သေဆုံးခဲ့ကာ လူပေါင်း ၃၇,၀၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းနဲ့ ဒီနေ့မှာတော့ ကိန်းဂဏန်းဟာ ၄၀,၀၀၀ ကျော်အထိ မြင့်တက်လာဖွယ်ရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။
ဇူလိုင်လနှောင်းပိုင်းက စတင်ပြီး နိုင်ငံအတွင်း ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်၊ ကချင်၊ ကရင်၊ မွန်နဲ့ ချင်းပြည်နယ်တို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။
ကရင်ပြည်နယ်မှာလည်း မြေပြိုမှုကြောင့် မြဝတီ အာရှလမ်းမကြီး လမ်းပြိုမှု ဖြစ်ပွားခဲ့ပြီး ယာယီ ဘေလီတံတားတည်ဆောက်ဖို့ တစ်လလောက် အချိန်ယူရမယ်လို့လည်း သိရပါတယ်။
Ref; AFP