၁၁. ၈. ၂၀၂၃
Written by Naing Thuta
မန္တလေးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အဖြစ်ရွေးချယ်ခံရသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နိုင်ငံအတွင်းကျင်းပခဲ့သော အားကစားပြိုင်ပွဲများတွင် အောင်ပွဲရအားကစားအသင်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုသည့်အခမ်းအနားကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင်းအတွင်းရှိ မြို့တော်ခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုခံ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အားကစားသမားများအား ဂုဏ်ပြုစကားပြောကြားခြင်း၊ တာဝန်ရှိသူများက နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် အောင်ပွဲရအားကစားအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ၄၉,၂၅၀,၀၀၀ ကျပ်ကို ဂုဏ်ပြုချီးမြှင့်ပေးခြင်းများ ပြုလုပ်ခဲ့ပြီး ဂုဏ်ပြုခံ အားကစားသမားများအား ဂုဏ်ပြုလက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံကာ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ရင်းရင်းနှီးနှိးလိုက်လံနူတ်ဆက်ခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၁၂)ကြိမ်မြောက်အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသူများက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁ ဆုနှင့် ကြေးတံဆိပ် ၄ ဆုတို့အသီးသီး ဆွတ်ခူးပေးနိုင်ခဲ့သည်။
အလားတူပင် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ မန္တလေးမြို့တွင် ကျင်းပခဲ့သည့် အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ၊ ဗိုဗီနမ်ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ကျင်းပခဲ့သော တင်းနစ်ပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး အားကစားအသင်းများသည် ရွှေတံဆိပ် ၂၅ ဆု၊ ငွေတံဆိပ် ၈ ဆု၊ ကြေးတံဆိပ် ၁၉ ဆုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလား ၂ ခု၊ အမျိုးသားတံခွန်စိုက်ဆုဖလား ၃ ခု၊ အမျိုးသမီးတံခွန်စိုက်ဆုဖလား ၂ ခုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။