၁၁. ၈. ၂၀၂၃
Written by Pan Ei
လမ်းမပေါ်တွေမှာ မီးရှူးမီးပန်းတွေ ပစ်လွှတ်၊ လူတွေကခုန် ပျော်ရွှင်နေကြတဲ့ ရွှင်မြူးဖွယ်ရာ မြင်ကွင်းတွေကို အိန္ဒိယရုပ်ရှင်တွေမှာ တော်တော်များများ တွေ့ရတတ်သလို အခုအခါလည်း နိုင်ငံရဲ့အကြီးဆုံးစူပါစတားတွေထဲက တစ်ဦးရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်ကို ကြိုဆိုဖို့ အိန္ဒိယတောင်ပိုင်းမှာ ရှိတဲ့ ရုပ်ရှင်ပရိသတ်ထောင်ပေါင်းများစွာက ရုပ်ရှင်တွေထဲကလိုပဲ အောင်ပွဲခံနေကြပြီး ကုမ္ပဏီကြီးတွေကလည်း အလုပ်သမားတွေကို ရုပ်ရှင်ကြည့်ရှုနိုင်ဖို့အတွက် တစ်ရက်နားခွင့်ပေးမယ်လို့ သိရပါတယ်။
အိန္ဒိယရဲ့ နာမည်ကြီးမင်းသား Rajinikanth ရဲ့တမီလ်ဘာသာစကားနဲ့ ဟာသ၊ အက်ရှင်၊ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်တဲ့ “Jailer” ကို ကြာသပတေးနေ့က စပြီး နိုင်ငံတကာကရုပ်ရှင်ရုံတွေမှာ စတင်ရုံတင်ခဲ့ပြီး ရုံမတင်ခင်ကတည်းက စံချိန်တင်ရုံဝင်ငွေတွေ ရရှိဖို့လည်း ရုပ်ရှင်ပရိသတ်တွေက မျှော်လင့်ထားပြီးဖြစ်ပါတယ်။
“Jailer” က တော့ ရုပ်ရှင်ပေါင်း ၁၆၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံအတွင်း နာမည်ကြီး လူကြိုက်များလွန်းလှတဲ့ မင်းသား Rajinikanth ရဲ့ နှစ်နှစ်အတွင်း ပထမဆုံးထွက်ရှိလာတဲ့ ဇာတ်ကားဖြစ်တာကြောင့် ကုမ္ပဏီတချို့က သူတို့ရဲ့ ဝန်ထမ်းတွေကို ကြည့်ရှုနိုင်ဖို့အတွက် တစ်ရက်အားလပ်ရက်ပေးမှာဖြစ်ပြီး အားလပ်ရက်နဲ့အတူ ရုပ်ရှင်ကြည့်ရှုတာကရရှိတဲ့ အတွေ့အကြုံတွေနဲ့ ပျော်ရွှင်မှု၊ အပန်းဖြေမှုတွေနဲ့အတူ ခွန်အားသစ်တွေ ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ကုမ္ပဏီတစ်ခုက ဖော်ပြခဲ့ပါတယ်။
အစောပိုင်း ခန့်မှန်းချက်တွေအရ ပိတ်ရက်မဟုတ်သေးတဲ့ ကြာသပတေးနေ့ တစ်နေ့အတွင်းမှာပဲ ရုံဝင်ငွေက အမေရိကန်ဒေါ်လာ ၅ သန်းခန့် ရရှိနေပြီဖြစ်တယ်လို့သိရပြီး အဲ့ဒီရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်အတွက် တမီလ်ဘာသာစကားနဲ့ ထွက်ရှိထားတဲ့ ဇာတ်ကားတွေထဲမှာ ပွဲဦးထွက် ရုံဝင်ငွေအများဆုံး ဇာတ်ကား ဖြစ်လာခဲ့တယ်လို့ ဒေသခံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Ref; CNN