၁၁.၈.၂၀၂၃
Written by Min Mahar
ရန်ကုန်မြို့မှ ကျွန်းလှမြို့သို့သွားသော “ဝင်းမေတ္တာ” ခရီးသည်ယာဉ်တစ်စီးသည် ခရီးသည်များ ကျန်းမာရေး အပေါ့အပါးသွားရန် လမ်းတွင် ခေတ္တရပ်ပေးစဉ် ခရီးသည်တစ်ဦးမှ PDF များ ထောင်ထားသောတိုက် မိုင်းတစ်လုံးကို တိုက်မိခဲ့ရာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးသုံးဦးဒဏ်ရာရရှိမှု ဩဂုတ်လ ၁၁ ရက်၊နေ့လည်ပိုင်းက ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၀ ရက်၊ ညနေ ၃ နာရီက ရန်ကုန်မြို့မှ ကျွန်းလှမြို့သို့ ထွက်ခွာလာသော “ဝင်းမေတ္တာ” ခရီးသည်ယာဉ်တစ်စီးသည် ဩဂုတ်လ ၁၁ ရက်၊ နေ့လည် ၁၂ နာရီခန့်လောက်က ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာ ကျေးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာအရောက်တွင် ခရီးသည်များကျန်းမာရေးအပေါ့အပါးသွားရန် မော်တော်ယာဉ်အား ခေတ္တရပ်ပေးခဲ့စဉ် အသက် ၃၅ နှစ်အရွယ် ခရီးသည်အမျိုးသမီးတစ်ဦးမှ PDF များ ထောင်ထားသော တိုက်မိုင်းတစ်လုံးကိုတိုက်မိခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ၎င်းအမျိုးသမီးနှင့်အတူ အနီးရှိအမျိုးသမီးနှစ်ဦးကိုပါ မိုင်းစများထိမှန်သွားသဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် စစ်ကိုင်းမြို့နယ်၊ ရေတွင်းခေါင်းကျေးရွာတွင် နေထိုင်သည့် အသက် ၃၅နှစ်အရွယ်အမျိုးသမီးသည် ယာဒူးခေါင်းအောက်ကိုဖောက်ဝင်သွားသော ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)၊ကောလင်းမြို့နယ်၊ ဆပ်သွားချောင်းကျေးရွာနေသူအသက် ၂၄ နှစ်အရွယ် အမျိုးသမီးတွင် ယာဘက်လက်မောင်းကို ဖောက်ဝင်သွားသော ဒဏ်ရာနှစ် ချက်(မစိုးရိမ်ရ)နှင့် ကန့်ဘလူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေသူ အသက် ရှစ်နှစ်အရွယ်အမျိုးသမီးငယ်တွင် ယာပေါင်ပေါက်ပြဲသွားသောဒဏ်ရာနှစ်ချက်၊ နောက်ကျောကို ပေါက်ပြဲသွားသည့်ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) တို့အသီးသီးရရှိခဲ့သောကြောင့် ၎င်းခရီးသည်ယာဉ်ဖြင့် ကန့်ဘလူမြို့၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း ခရီးသည်ယာဉ်ပေါ်တွင်ပါလာသူ တစ်ဦးပြောပြချက်အရ သိရသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့မှုကြောင့် ၎င်းခရီးသည်မော်တော်ယာဉ်၏ ယာဘက်ခြမ်းရှိ မှန်တစ် ချပ်ကွဲသွားသဖြင့် ကာလတန်ဖိုး ၁၅ သိန်းကျပ်ခန့် ပျက်စီးသွားကြောင်း သိရသည်။



