၁၁.၈.၂၀၂၃
Written by Peya
ထိုင်းနိုင်ငံတွင် ကျင်းပသည့် Continental Futsal Championship 2023 ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်တွင် မြန်မာအသင်းက ချက် အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် တတိယ နေရာလုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲချုပ်ထံမှ သိရသည်။
အဆိုပါပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၁၁ ရက် ညနေပိုင်း ၄ နာရီ အချိန်က ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကာ ချက်အသင်းသည် ကမ္ဘာ့ အဆင့် ၂၁ ဖြစ်ပြီး မြန်မာအသင်းက ကမ္ဘ့ာအဆင့် ၇၅ ဖြစ်ရာ ခြေစွမ်းကွာဟ မှုကိုလည်း မြင်တွေ့ရပြီး မြန်မာအသင်းအတွက် နိုင်ငံတကာ အတွေ့အကြုံရစေမည့် ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။
ယခုပွဲတွင် ငါးဂိုး တစ်ဂိုးဖြင့် မြန်မာအသင်းက ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကာ ချက်အသင်းအတွက် သွင်းဂိုးများကို ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်အအသင်းအတွက် ချေပဂိုးကို လှိုင်မင်းထွန်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
“ဒီပွဲစဉ်မှာ ကစားသမားတွေလည်း အကောင်းဆုံး ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြန်ရောက်တာနဲ့ အမှားတွေကို ပြင်ဆင်ပြီး ကစားသမားတွေအနေနဲ့ နည်းစနစ်အတိုင်း သေချာကစားနိုင်အောင် ပြင်ဆင်သွားမှာပါ။ အာရှဖလားပြိုင်ပွဲ ကစားနိုင်ဖို့အတွက်လည်း အကောင်းဆုံး ပြင်ဆင်သွားမှာပါ” ဟု မြန်မာဖူဆယ် အသင်းနည်းပြချုပ် Mr.Bunlert Charoenwong က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာအသင်းသည် Continental Futsal Championship 2023 ပြိုင်ပွဲ၏ တတိယနေရာလုပွဲအဖြစ် ဩဂုတ် ၁၃ ရက် မြန်မာစံတော်ချိန် ညနေ (၄)နာရီတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။