၁. ၁၁.၂၀၂၂
Written by Hey Mar
ဝါးလက်မှုပညာကဏ္ဍမှာ အတတ်ပညာသာပေးနိုင်ပြီး ဝမ်းရေးဖြေရှင်းမပေးနိုင်၍ ဆက်ခံသူ ရှားပါးလာသဖြင့် လက်မှုပညာများ ထွန်းကားပြီး အသက်မွေးမှုလုပ်ငန်းတစ်ရပ်အဖြစ် ခိုင်မာစေရေးအတွက် ကွန်ရက်တစ်ခုသဖွယ် စုစည်း တည်ဆောက်ပေးမည်ဆိုပါက နိုင်ငံအတွက် အကျိုးစီးပွားတစ်ခုကို ရှာဖွေပေးနိုင်သလို ဒေသခံတွေ ဘဝလည်း တိုးတက်မြင့်မားလာစေနိုင်ကြောင်း ပုဂံယဥ်ကျေးမှုနယ်မြေဒေသမှ ဝါးလက်မှု ပညာရှင် ဦးထွန်းလွင် က သူ့မျှော်လင့်ချက်ကို MT News သို့ ပြောသည်။
ယခုအခါ လက်မှု လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်လုပ်သား အမွေဆက်ခံမည့်သူများလည်းရှားပါးလာနေသည်။ NGO များ ပရဟိတ အဖွဲ့များ၏ အကူအညီဖြင့် မိဘမဲ့ကျောင်းများ ကျေးရွာများသို့ အခကြေးငွေ သင်တန်းသားဆီမှ မယူဘဲ လိုက်လံ သင်ကြားပေးသည်ကိုပင် အမှန်တကယ်တန်ဖိုးထားသင်ယူလုပ်ကိုင်သူ သင်တန်းပြီး၍ တစ်ယောက်ထွက်လာဖို့ မလွယ်ကြောင်းသိရသည်။
ဦးထွန်းလွင်က “တခြားနိုင်ငံတွေမှာက လက်မှုပညာတတ်ထားရင် ငွေဖြစ်လွယ်တယ်။ ငွေရလွယ်တယ်။ ဒီမှာက ခေါင်းပုံဖြတ်မှု အားကောင်းနေတယ်။ ပညာရှင်နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ထုတ်ကုန်ထုတ်တာထက် ဒီပစ္စည်းက သည်ပညာရှင်က ကျပ် ၁၀၀၀ နဲ့ ထုတ်ထားတယ်၊ ကျပ် ၁၀၀ နဲ့ ဘယ်သူ ထုတ်နိုင်မလဲ။ ထုတ်နိုင်သူဆီ ငွေပေးဝယ်ပြီး သူ့တို့ဘာသာ Trade လုပ်တယ်။ ဒီတော့ သည်လုပ်ငန်းနယ်ပယ်ထဲမှာ ဘယ်သူတိုးတက် နိုင်ပါတော့မလဲ။ စားရဖို့ပဲ အဓိက လုပ်နေရတယ်။ တိုးတက်ဖို့ မလုပ်နိုင်တော့ မိရိုးဖလာဆိုတာထက် တက်မလာတော့ဘူး”ဟု သူ့ခံစားချက်ကို MT News သို့ ပြောသည်။
လက်မှုပစ္စည်း ကဏ္ဍတွင် ရင်းနှီးမြှပ်နှံဖို့ထက် ပစ္စည်းဝယ်ရောင်းအသွင်သာ အလုပ်ဖြစ်နေသည့် အခြေအနေတစ်ရပ်လည်း ဖြစ်သည်။ အကျိုးတူ ၅၀ ရာခိုင်နှုန်းဆီ ပူးပေါင်းချင်သူ ရှားနေခြင်းကလည်း လက်မှုပညာရှင်များ ပျောက်ကွယ် နည်းပါးလာရသည့် အကြောင်းအရင်းတွေထဲမှ တစ်ရပ်ဖြစ်သည်။
“ကုမ္ပဏီဝန်ထမ်း၊ စားသောက်ဆိုင်ဝန်ထမ်း လုပ်မယ်ဆိုရင်တောင် တစ်လ ၂ သိန်း ၃ သိန်း ရတယ်။ လက်မှု လုပ်ငန်းနယ်ပယ်ထဲ ကလေးတွေကြတော့ အချိန်၊ လူ ရင်းထားရတယ်။ တနေကုန်မှ ခြင်းတစ်ခုပဲ ယက်လို့ ပြီးချင်ပြီးတာမျိုး။ ဒါပေမဲ့ စျေးကွက်အရကိုငွေမရတော့ လုပ်အားခက တခြားလုပ်ငန်းခွင်က ကလေးတွေလောက်မရဘူး။ အဲဒီတော့ သည်လုပ်ငန်းအပေါ်မှာ ဝါသနာအရ ဆိုတာမျိုးပဲ ရှိတော့တယ်။ သေချာ မလုပ်ကြတော့ဘူး”ဟု ဝါးလက်မှု ပညာရှင် ဦးထွန်းလွင်က ဆိုသည်။
လက်မှု ပညာရပ်တွင် မြန်မာနိုင်ငံမှ ပညာရှင်များ နိုင်ငံတကာနှင့် ယှဉ်လျှင် နောက်ကောက်မကျသော်လည်း နည်းပညာရင်းနှီးမြှပ်နှံမှုအပိုင်း၊ စက်ပစ္စည်းများ၊ အဆောက်အဦများ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ၊ အလုပ်ရုံများ လိုအပ်လျှက်ရှိနေပြီး ပံ့ပိုးမှု အပိုင်းလည်း ထိရောက်မှုမရှိသည့်အတွက် အရင်းအနှီးမရှိဖြစ်နေကြပြီး လုပ်ငန်းတိုးတက်ဖို့ မလွယ်ကူကြောင်းကိုလည်း လက်ရှိ Earth ကြိမ်၊ ဝါး ၊ စဥ့် လက်မှု ပညာသင်တန်းကျောင်း၏ တည်ထောင်သူလည်းဖြစ် ပစ္စည်းများ ကိုယ်တိုင်ယက်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင်လည်းဖြစ်သူမှ “နည်းပညာက ရှိပြီးသားပါ။ ဟိုး ဘိုးဘွားတွေ လက်ထက်ကတည်းက ဝါးကို အသုံးပြုခဲ့ကြတာပါ။ဝါးလက်မှု စျေးကွက်က မတွင်ကျယ်သေးတော့ စနစ်တကျ မလုပ်ကြတာ။ အခုတော့ အကုန်လုံး သေသေချာချာနဲ့ စည်းစည်းလုံးလုံးနဲ့ လုပ်လာကြလို့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ စျေးကွက်ထဲ ရောက်လာပါပြီ။ အခက်အခဲတွေကတော့အများကြီးမို့ အခက်အခဲနဲ့ အသားကျနေသလိုတောင် ဖြစ်နေပါပြီ။ ကြိမ်ထည်လက်မှုပစ္စည်းတွေကတော့ နိုင်ငံကာ စျေးကွက်တော့ ရောက်နေပြီ။ အမတို့ ဝါးဘက်မှာတော့ အားလုံး တောင့်ခံရင်း တယောက်နဲ့တယောက် အပြန်အလှန် ကူညီဖေးမ ဆောင်ရွက်ရင်းနဲ့ ကောင်းမွန်တဲ့ အရွေ့ကို ကြိုးစားသွားနေကြတဲ့ အနေအထားပါ” ဟု ဆိုသည်။
လက်ရှိတွင်တော့ အဆိုပါ သင်တန်းကျောင်းလည်း ရပ်နားထားသည်ဟု သိရသည်။ သင်တန်းကြေး သင်ထောက်ကူ အလုံးစုံကို ထောက်ပံ့သင်ကြားပေးသော်လည်း သင်တန်းသားအများစုမှာ သင်တန်းပြီးဆုံးအောင် မတက်ခြင်း၊ သင်တန်းပြီးသော်လည်း လုပ်ငန်းကို အသုံးမချနိုင်ခြင်း၊ သင်တန်းကျောင်းဘက်မှလည်း ပညာသာပေးနိုင်ပြီး စျေးကွက်ရှာဖွေရမှု အပိုင်းတွင် အခက်အခဲများရှိနေခြင်းတို့ကြောင့် ရည်ရွယ်ချက် အတိုင်းရှေ့ဆက်မတိုးနိုင်ဖြစ်နေရသည်ဟု သိရသည်။