၁၁.၈.၂၀၂၃
Written By Thandar
ဇာတ်သဘင်အခြေခံမေတ္တာဘွဲ့ ဒရာမာဇာတ်လမ်းပုံစံ “ယောက်ျားကောင်း အတောင်နှစ်ဆယ်”ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ပြီးစီးပြီးဖြစ်လို့ ရုံတင်ပြသရန်စီစဉ်နေတယ်လို့ ဘုန်းရောင်လျှံထုတ်လုပ်ရေးပိုင်ရှင် ကိုအောင်ကျော်ဇာ (ကိုဂျက်) က MT News ကို ပြောပါတယ်။
ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ၉ မိုင်ရှိ အကယ်ဒမီကြည်မင်းသိန်း စတူဒီယိုမှာ နောက်ခံတေးဂီတနဲ့အသံပိုင်းဆိုင်ရာတွေ လုပ်ဆောင်မှုတွေကို ဒါရိုက်တာ ဦးတင်ငြိမ်း (ရှုမဝ)၊ ဂီတမှူး ပေါသျှံ၊ ထုတ်လုပ်သူ အောင်ကျော်ဇာ၊ အသံဖမ်း ဂျိုး၊ မင်းသား မင်းဆက်၊ မင်းသမီး ဟန်နီတို့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာပဲ ကိုအောင်ကျော်ဇာက “ကျွန်တော့်ဇာတ်ကားအတွက် လိုအပ်နေတဲ့ အသံပိုင်းတွေ နောက်ခံတေးဂီတပိုင်းတွေကို အကောင်းဆုံး ပြင်ဆင်ဖန်တီးနေတာပါ။ ယခင်သတ်မှတ်ထားတဲ့အတိုင်း ယခုနှစ် အောက်တိုဘာလမှာ ရုံတင်ပြသနိုင်မှာပါ။ ကျွန်တော်တို့ တက်သစ်စလူငယ်တွေ အကောင်းဆုံးဖန်တီးထားတဲ့ကားပါ။ ပရိသတ်တွေကို ရသတစ်မျိုးလေးနဲ့ ခံစားချက်တစ်ခုတော့ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ် ”လို့ MT News ကို ပြောပါတယ်။
စာရေးဆရာ တင်သန်းဦးရဲ့ဝတ္ထုကို ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးမယ့် “ယောကျာ်းကောင်း အတောင်နှစ်ဆယ်” ရုပ်ရှင်ဇာတ်ကားဟာ မြန်မာ့ဇာတ်သဘင်လောကသားတွေရဲ့ လူနေမှုဘဝ၊ ကြီးမားလှတဲ့ မေတ္တာဘွဲ့ကို ဖော်ညွှန်းပြသထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
“ကျွန်တော်တို့လူငယ်တွေအကုန်လုံးက အကောင်းဆုံးကြိုးစားထားပါတယ်။ တက်သစ်စတွေမို့ တကယ်လို့ လိုအပ်ချက်လေးတွေရှိရင်လည်း ဖြည့်စွက်နားလည်ပေးစေချင်ပါတယ်။ အခုလိုမျိုး ဘုန်းရောင်လျှံရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တဲ့ ဇာတ်ကားမှာမှ ကျွန်တော်တို့ ကြိုးစားမှုတွေကို ချပြခွင့်ရခဲ့တာလည်း ကျေးဇူးတင်ပါတယ်”လို့ မင်းသားမင်းဆက်က ပြောပါတယ်။
ဒီကားဇာတ်ညွှန်းပိုင်းကို အကယ်ဒမီဇော်မြင့်ဦးကရေးသားပေးပြီးတော့ ဒါရိုက်တာမောင်တင်ငြိမ်း (ရှုမဝ) ရဲ့ ဒုတိယအကြိမ် အနုပညာပိုင်းကို ပြန်လည်အသက်သွင်းကာ ကျပ်သိန်း ၃,၀၀၀ ဝန်းကျင် ကုန်ကျခံ ရိုက်ကူးထားတဲ့ဇာတ်ကားလည်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဇာတ်ကားမှာ မင်းဆက်၊ ဟန်နီ၊ နန်းပျိုးဝသန်ဦး၊ ဆုပြည့်စုံ၊ အိမ့်ကြာဖြူ၊ သက်မြတ်နိုး၊ မင်းရဲစည်သူ၊ မျိုးကြည်၊ကောင်းမြတ်၊ ဘိုမ၊ ဇူးဇူးထက်မြက် စတဲ့ ဝါရင့်အနုပညာတချို့က ပါဝင်သရုပ်ဆောင်ထားကြတာလည်း ဖြစ်ပါတယ်။