– ဈေးနှုန်းထက်ဝက်နီးပါး သက်သာသောဆီကို ဝယ်ယူသူ ပို၍များပြား
၁၁. ၈. ၂၀၂၃
Written by Nyein Kyaw
ယနေ့ ဩဂုတ်လ ၁၁ ရက်မှစ၍ လူတစ်ဦးလျှင် ဆန်ငါးပြည်နှင့် ဆီတစ်ပိဿာကို ဧည့်မထဆန် တစ်ပြည် ၂,၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းဆန် တစ်ပြည် ၄,၀၀၀ ကျပ်နှင့် စားဆီတစ်ပိဿာ ၄,၄၀၀ ကျပ်နှုန်းဖြင့် အကန့်အသတ်မရှိ ရောင်းချပေးနေပြီး ဈေးနှုန်းသက်သာသဖြင့် လာရောက်ဝယ်ယူသူ များပြားလျက် ရှိသည်။
“ဒီနေ့မှာ စရောင်းတာပေါ့။ နောက်ရက်တွေလည်း ရောင်းဖို့ရှိတယ်။ တစ်ပတ်လောက်ထိလားတော့ သေချာမသိဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က ဌာနဆိုင်ရာပိုင်းကပါ၊ အဓိကထုတ်ရောင်းပေးတာက ဆီကုန်သည်တွေရယ်၊ ဆန်ကုန်သည်တွေရယ်၊ သူတို့ကနေ သက်သာတဲ့ဈေးနဲ့ ရောင်းပေးတာ။ ပစ္စည်းအပေါ်မူတည်တာပေါ့” ဟု ဆန်အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ နံနက် (၉) နာရီမှစတင်ပြီး ပြည်သူ့ရင်ပြင်၌ ဧည့်မထ တစ်ပြည်ကို ၂,၅၀၀ ကျပ်နှုန်း၊ ဧရာဝတီ ပေါ်ဆန်း တစ်ပြည်ကို ၄,၀၀၀ ကျပ်နှုန်း၊ စားအုန်းဆီ တစ်ပိဿာ ထည့်စရာဘူးပါလျှင် ၄,၄၀၀ ကျပ်နှုန်း၊ ထည့်စရာဘူးမပါလျှင် ၅,၄၀၀ ကျပ်နှုန်း၊ လူတစ်ဦးလျှင် ဆန်ငါးပြည်၊ ဆီတစ်ပိဿာနှုန်းဖြင့် တစ်ရက်လျှင် ဆန်အကန့်အသတ်မရှိပမာဏနှင့် ဆီပိဿာချိန်တစ်ထောင် ရောင်းချပေးမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ခြင်းဖြစ်သည်။
ဆန်နှင့်ဆီများကို လာရောက်ဝယ်ယူသူများမှာ ပြည်သူ့ရင်ပြင်အနီးအနားရှိ မြို့နယ်များအပြင် ရန်ကုန်တစ်ဖက်ကမ်းရှိ ဒလ၊ တွံ့တေးမြို့နယ်တို့မှလည်း လာရောက်ဝယ်ယူသူများကို တွေ့ခဲ့ရပြီး အကန့်အသတ်မရှိရောင်းချပေးသည့်အတွက် အဝေးမှလာရောက်ဝယ်ယူသူများအတွက် အဆင်ပြေမှုရှိကြောင်း သိရသည်။
“အန်တီတို့က တွံ့တေးက တွံ့တေးဆိုပေမဲ့ အဝေးကြီးကတော့မဟုတ်ဘူ။ တွံ့တေးအပိုင် ရန်ကုန်နဲ့နီးတဲ့ ရပ်ကွက်ကပေါ့။ သမ္ဗန်လှေနဲ့ကူးပြီး ဒီဘက်ကျတော့ လိုင်းကားစီးတာပေါ့။ အခုက အဆင်ပြေတယ်။ ကိုယ်တန်းစီနိုင်ဖို့ပဲလိုတယ်။ တစ်ခါတန်းစီပြီးလည်း နောက်ထပ်တန်းစီလို့ရတော့ ကိုယ်တန်းစီနိုင်ရင် တန်းစီနိုင်သလောက်ရတယ်။ ဒီနေ့ဒီမှာ အချိန်ပေးလိုက်ရင် တစ်လစာလောက်အဆင်ပြေသွားတာပေါ့။ ဘာပြောရမလဲသားရယ် ဒီလိုရောင်းပေးတော့ အဆင်ပြေတာပေါ့။ အမြဲရောင်းပေးနိုင်ရင် ပိုတောင်ကျေးဇူးတင်ဦးမယ်။ အပြင်မှာဆို ဆီက ငါးဆယ်သားတစ်ဘူးကို ၄,၅၀၀ လေ။ ဒီမှာက နှစ်ဘူးကို ၅,၄၀၀ ဆိုတော့ ထက်ဝက်လောက်သက်သာတယ်။ ဆန်က ဒီမှာရောင်းတဲ့ ပေါ်ဆန်းက အပြင်ဈေးထက် တစ်ပြည်ကို ၁,၀၀၀ သက်သာတယ်” ဟု တွံ့တေးမြို့နယ်မှ လာရောက်ဝယ်ယူသူ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။
အခြေခံလူတန်းစားများ အဆင်ပြေစေရန်အတွက် ဆန်ငါးပြည်အထိမတတ်နိုင်ဘဲ အနည်းငယ်သာ ဝယ်ယူလိုသူများအတွက်လည်း ဆန်များကို တစ်ပြည်ချင်း သို့မဟုတ် အပြည်လိုက်ခွဲရောင်းပေးနေပြီး ဧည့်မထဆန်တစ်ပြည် ကျပ် ၂,၅၀၀ နှင့် ငါးပြည်တစ်အိတ် ကျပ် ၁၂,၀၀၀ သာကျသင့်ပြီး ဧရာဝတီပေါ် ဆန်း ဆန်တစ်ပြည် ကျပ် ၄,၀၀၀ ကျပ်နှင့် ငါးပြည်တစ်အိတ် ကျပ် ၁၉,၀၀၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
“ဒီမှာက အဆင်မပြေလို့ တစ်ပြည်ချင်း ခွဲဝယ်လည်း ရောင်းပေးတယ်။ တစ်ပြည်ချင်းဆို ဧည့်မထက ၂,၅၀၀ ဆိုပေမဲ့ ငါးပြည်အိတ်ဝယ်ရင်တော့ ၁၂,၅၀၀ ကျတာကို ၁၂,၀၀၀ ပဲယူတယ်၊ ကျပ် ၅၀၀ သက်သာတာပေါ့။ အဲလိုပဲ ဧရာဝတီပေါ်ဆန်းဆို တစ်ပြည်ချင်းဆို ၄,၀၀၀ ဆိုပေမဲ့ ငါးပြည်အိတ်ဆို ၁၉,၀၀၀ ပဲယူပြီး ကျပ် ၁,၀၀၀ လျှော့ပေးတယ်။ အဲဒီတော့ အကြွေ ၁,၀၀၀ ပြန်အန်းဖို့ကို သီးသန့် အကြွေလဲထားတယ်။ ပေါ်ဆန်းက ၂၀,၀၀၀ ပေးရင် ၁,၀၀၀ အန်းရတယ်။ ဧည့်မထက ၁၅,၀၀၀ ပေးရင် ၃,၀၀၀ ပြန်အန်းရတယ်လေ” ဟု ဆန်အရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။
ယနေ့မှစတင်ပြီး ဆန်နှင့်ဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေရာတွင် အခြေခံလူတန်းစားများအနေဖြင့် စားသုံးဆီကို ဆန်ထက် အဓိကထားပြီးပို၍ဝယ်ယူကြရာ ဆန်ဆိုင်တွင်ထက် ဆီအရောင်းဆိုင်တွင် လာရောက်တန်းစီဝယ်ယူသူ ပိုများလျက်ရှိသည်။
ဆီများရောင်းချပေးရာတွင် ဘူးယူလာပါက တစ်ပိဿာ ၄,၄၀၀ သာ ကျသင့်မည်ဖြစ်သဖြင့် ဈေးနှုန်းထပ်မံသက်သာလိုသော အခြေခံလူတန်းစားများသည် အိမ်မှဆီဘူးခွံများ သယ်လာကြသော်လည်း ဆီဆိုင်တွင် လူအင်အားမလုံလောက်ခြင်း၊ ဆီခွက်နှင့် ဆီပုံးများ အဆင်သင့်မဖြစ်သေးခြင်းကြောင့် ငါးဆယ်သားနှစ်ဘူးကို ကျပ် ၅,၄၀၀ ရှိသည့် ပါကင်ပိတ်ဆီဘူးများကိုသာ ရောင်းပေးနိုင်သေးကြောင်း သိရသည်။
“အစ်မတို့က အိမ်ကနေ ဆီဘူးအလွတ်တွေ အများကြီးယူလာတာ သက်သာချင်တာကိုး။ ဒီမှာက ပါကင်ပိတ်ဘူးတွေဆိုတော့ ယူလာတာတွေက အပိုဖြစ်တာပေါ့။ ဒါပေမဲ့ ပါကင်ပိတ်ဘူးကလည်း သက်သာပါတယ်။ ဒါပေမဲ့ ပိုသက်သာချင်တာပေါ့” ဟု ဆီဆိုင်တွင် ဆီဘူးအလွတ်များကိုင်ကာ တန်းစီနေသည့် အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၄ ရက်မှ ၆ ရက်အထိ သုံးရက်တိုင်တိုင် ပြည်သူ့ရင်ပြင်၌ မိုးရာသီဈေးရောင်းပွဲတော် ကျင်းပခဲ့ပြီး ဆန်နှင့် စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည့်အပြင် ဩဂုတ်လ ၇ ရက်မှ စတင်ပြီး ဝါးတန်းဆန်ကုန်ဆည်ဒိုင်နှင့် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်နှစ်ခုမှတစ်ဆင့် ရွှေဘိုပေါ်ဆန်းမွှေးဆန် (၁၀၈) ပေါင်တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန် (၁၀၈) ပေါင်တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။