ဓားပြတိုက်လူသတ်တရားခံ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ MPDF ချပြ
၁၁. ၈. ၂၀၂၃
Written by Nay Moe
၁။
မနေ့က နေ့လည် ၃ နာရီအချိန်က မုံရွာမြို့မှာ လူသတ်ဓားပြတိုက်မှုဖြစ်ခဲ့ပြီး အဲဒီလူသတ်ဓားပြတိုက်မှုမှာ အင်မတန်ဆိုးရွားယုတ်မာတဲ့လုပ်ရပ်အဖြစ် မကြာမီ မီးဖွားတော့မဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုပါ သတ်ဖြတ်သွားမှုဖြစ်ခဲ့တာပါ။
ဒီဖြစ်စဥ်ကို တင်လာခဲ့တာက …… ဆိုတဲ့အကောင့်ပိုင်ရှင်ဖြစ်ပြီး သူဟာ “မုံရွာမှာ ဓားပြတိုက်ပြီး မွေးခါနီး ၃ ရက်အလို ကိုယ်ဝန်ဆောင်သည်ကိုပါ သတ်သွားတာ။ ငတ်ပြတ်ပြီး ခိုး ဆိုး လု ယက်နဲ့ လုပ်ရက်လိုက်ကြတာ။ အမေရော ကလေးပါ ကောင်းရာဘုံဘဝရောက်ပါစေ” လို့ တင်ခဲ့တာပါ။
ဒီ့အတွက် သူရှဲထားတဲ့အကောင့်ကို ဝင်ကြည့်ချိန်မှာ ဓားပြတွေ ပစ်ခတ်သတ်ဖြတ်သွားတဲ့ ကွယ်လွန်သူအမျိုးသမီးငယ် အကောင့်ကို Tag တွဲထားတဲ့ ခင်ပွန်းဖြစ်သူရဲ့အကောင့်ကို တွေ့ခဲ့ရပြီး သူတို့စုံတွဲဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်က မင်္ဂလာ ဆောင်ထားတာဖြစ်သလို မကြာမီမွေးဖွားတော့မဲ့ ရင်သွေးငယ်ဟာ သားငယ်ဖြစ်တာကိုတွေ့ခဲ့ရပြီး မိခင်ဖြစ်သူကို ဓားပြတွေ ပစ်ခတ်သွားချိန်မှာ ရင်သွေးလေးကို ခွဲထုတ်ဖို့ကြိုးစားပေမဲ့ မိခင်ရော ကလေးပါ အသက်မရှင်ခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင်လည်း ကွန်လွန်သွားရှာတဲ့ မအေးငြိမ်းသူတို့ မင်္ဂလာမောင်နှံပုံအောက်မှာလည်း “အသိမိတ်ဆွေတွေက ကောင်းရာမွန်ရာရောက်ပါစေ”လို့ ဝိုင်းဝန်းဆုတောင်းပေးနေတာ တွေ့ရသလို မွေးဖွားလုနီးအချိန်မှ မိခင်ရောကလေးပါ သတ်ဖြတ်ခံလိုက်ရတဲ့အတွက် စိတ်မကောင်းဝမ်းနည်းကြောင်း၊ ရင်နာရကြောင်း မှတ်ချက်ပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
၂။
ဒီနေ့မနက်မှာတော့ NUG ဩဇာခံ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF) က Ezue Aki အကောင့်ပိုင်ရှင်ဟာ လူ ၇ ယောက်ကို မျက်လုံးအဝတ်စည်း ကြိုးတုပ်ဖမ်းဆီးထားတဲ့ Live ရုပ်သံဖိုင်တင်လာခဲ့ပြီး အဲဒီရုပ်သံဖိုင်ထဲမှာတော့ ဒီတရားခံ ၇ ဦးဟာ ဗိုက်ကြီးသည်ကို လူသတ်ဓားပြတိုက်တဲ့သူတွေဖြစ်တာနဲ့ အရင်ဓားပြမှုတွေလိုမဟုတ်ဘဲ ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့အတွက် MPDF က ပြည်သူကို ချပြခဲ့တာလို့ ပြောခဲ့ပါတယ်။
ကိုယ်ဝန်သည်အမျိုးသမီးကို ပစ်ခတ်ခဲ့သူကတော့ ဖမ်းမိတရားခံတွေထဲမှာ အပြာဝတ်နဲ့သူဖြစ်ပြီး သူကတော့ ဘွားတော်ကြီးကို နှစ်ချက်ပစ်ခဲ့တယ်လို့ ငြင်းပါတယ်။ အဲဒီတရားခံရဲ့အပြောအပေါ် Ezue Aki က” ဘွားတော်ကြီးကိုပစ်တာ ဘွားတော်ကြီးက မသေဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးလေးက သေသွားတယ်။ သူ့ထဲက ကလေးလေးလည်းသေသွားတယ်။ ငါ ပြောတာ အဲဒီကောင်မလေးက ဘာအပြစ်ရှိလို့လဲ”လို့ ပြောခဲ့တော့ တရားခံတွေက “ဘာမှအပြစ်မရှိပါဘူးလို့ ဖြေခဲ့တာတွေ့ရပါတယ်။
ဖြစ်စဥ်အရတော့ ကွယ်လွန်သူအမျိုးသမီးငယ်ဟာ ကိုယ်ဝန်ကြောင့် အိပ်ခန်းထဲ လဲလျောင်းနေချိန်မှာ ဓားပြတွေဟာ ဖုန်းဝင်လုရာက သေနတ်နဲ့ပစ်ခဲ့တာပါ။ လူသတ်တရားခံတွေဟာ အမျိုးသမီးကို ပစ်သတ်တဲ့အပြင် အမေအိုနဲ့ အမျိုးသားတစ်ဦးကိုလည်း ပစ်ခတ်ခဲ့ပါသေးတယ်။
အဲဒီလို သတ်ဖြတ်မှုအတွက် MPDF က မေးချိန်မှာ ကိုယ်ဝန်သည်အမျိုးသမီးငယ်ကို ပစ်သတ်ခဲ့သူက” ကျွန်တော့်ဆရာက အမြဲတမ်း ပြောဖူးပါတယ်။ အပြစ်မရှိတဲ့ပြည်သူတစ်ယောက်ကို သတ်မိရင် သေစားသေစေတဲ့” လို့ ပြောခဲ့ပြီး သူ ကိုယ်ဝန်သည်ကို ပစ်သတ်မိလို့ သေရဲတယ်လို့ဖြေခဲ့ပါတယ်။
ဒါ့အပြင် MPDF အဖွဲ့ဝင် Ezue Aki က အဲဒီအိမ်ကို ဘာအကြောင်းပြချက်နဲ့ ဝင်တာလဲလို့ မေးချိန်မှာ လူသတ်တရားခံက “မမီစံက သတင်းပေးလို့ဝင်တာပါ” လို့ ဖြေခဲ့ပြီး Ezue Aki ကတော့ နာမည်တွေထည့်မပြောဖို့ ဟန့်တားလိုက်ပါတယ်။
ဒါ့အပြင်လည်း Ezue Aki က “သူတို့က ဘာနဲ့ ဝင်တာလဲ။ လူဖမ်းချင်တယ်။ ဓားပြတိုက်ချင်တယ်ဆို လူပဲဖမ်းခဲ့၊ ပစ္စည်းပဲယူခဲ့။ မင်းတို့ဘာလို့ အဲဒီလိုပစ်တာလဲ။ ဘယ်စိတ်နဲ့ပစ်တာလဲ။ ကိုယ်ဝန်ဆောင်သည်မှန်း မင်းတို့မသိဘူးလား” လို့ မေးမြန်းခဲ့သလို “စောက်တော်လှန်ရေးပုံဖျက်နေတဲ့ကောင်တွေ” လို့လည်း မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF) က Ezue Aki က ပြောခဲ့ပြန်ပါတယ်။
၃။
မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF) က Ezue Aki နဲ့ တရားခံတွေ အပြန်အလှန် စစ်မေးချက်အရ သူတို့ဟာ ရင်းနှီးနေတယ်ဆိုတဲ့ပုံစံဖြစ်သလို ဒီပြစ်မှုကျုးလွန်သူတွေဟာ PDF အဖွဲ့ဖြစ်တယ်ဆိုတာကို သိသာစေနိုင်တဲ့ “စောက်တော်လှန်ရေးပုံဖျက်နေတဲ့ကောင်တွေ” လို့ ကြုံးဝါးခဲ့သလို သေဆုံးရရှာတဲ့ ကိုယ်ဝန်သည်အမျိုးသမီးအိမ်ကို ဝင်ဖို့ သတင်းပေးခဲ့တာကလည်း “မမီစံ” ဆိုတဲ့ အမျိုးသမီးက သတင်းပေးခဲ့တာကို Live မှာမို့လို့ Edit လုပ်မရတာကြောင့် ဖျက်ချခဲ့တဲ့သဘောပါ။
ဒါ့အပြင်လည်း ကျုးလွန်တဲ့အဖွဲ့ကို အဖွဲ့နာမည်တွေ၊ လူနာမည်တွေ မမေးခဲ့သလို Live ကိုလည်း မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF) က Ezue Aki ပြန်ဖျက်ချသွားခဲ့တာကြောင့် လက်ရှိလူသတ်ဓားပြတိုက်မှုဟာ PDF တွေ လုပ်ရပ်မို့လို့ အလုံးစုံချမပြခဲ့တာလို့ ယူဆစရာရှိလာပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ MT News သတင်းဌာနက Ezue Aki ကို Messenger က ဆက်သွယ်ပြီး ကိုယ်ဝန်သည်ကို သတ်ဖြတ်တဲ့ လူသတ်တရားခံတွေဟာ PDF တွေလို့ ပြောနေတဲ့အပေါ် ထုတ်ပြန်ဖို့ရှိမရှိ ဆက်သွယ်မေးမြန်းပေမဲ့ အဖြေမရခဲ့ပါဘူး။
ဒီရက်ပိုင်းအတွင်းမှာပဲ မြင်းခြံ PDF အဖွဲ့ဖြစ်တဲ့ NUG ဩဇာခံ အဲဒီ မြင်းခြံခရိုင် တပ်ရင်း (၅) MG6 ပြောက်ကျားတပ်ဟာ လူသတ်ဓားပြမှုပေါင်း ၁၀၀ ကျော် ကျုးလွန်ထားတာကြောင့် MG6 PDF ခေါင်းဆောင်ဖိုးချမ်းကို ရေစကြိုပကဖနဲ့ ရေလယ်ကျွန်းတပ်ပေါင်းစုက ပစ်သတ်ပြီး ကျန်တဲ့သူတွေကို လက်နက်ဖြုတ်သိမ်းခဲ့တာပါ။
PDF တစ်ဖွဲ့တည်းကတောင် လူသတ်ဓားပြမှုပေါင်း ၁၀၀ ကျော် ကျုးလွန်ထားတယ်ဆိုရင် PDF အဖွဲ့ပေါင်း ၄၀၀ ကျော်က အဲဒီလိုအမှုတွေ ဘယ်လောက်ကျုးလွန်ထားမလဲ မေးငေါ့နေချိန်မှာ PDF တွေကျုးလွန်တယ်လို့ ထင်ရတဲ့ မုံရွာကိုယ်ဝန်သည်ကို PDF ထင်ရသူတွေက ဓားပြတိုက်လူသတ်မှု ထပ်ပေါ်လာတာပါ။
MG6 က ကျုးလွန်တဲ့ လူသတ်ဓားပြမှုတွေထဲမှာ ဆိုးရွားယုတ်မာတဲ့ဖြစ်စဥ်တွေအဖြစ်လည်း မြင်းခြံမြို့ အမှတ်(၇) ရပ်ကွက် စည်ပင်သာယာစျေးမြောက်ဘက်က နီနီလွင်ရွှေဆိုင်ကို ဇွန်လ ၈ ရက်နေ့မှာ MG6 ပြောက်ကျားတပ်က ဓားပြတိုက်ချိန်မှာ ဆိုင်ရှင်ဦးဇော်နိုင်ထွန်းကို ပစ်သတ်ခဲ့တာ၊ ၂၀၂၃ နှစ်ဆန်းပိုင်းလောက်မှာ မော်တော်ကားတစ်စီးဝယ်ယူပြီး ပိုက်ဆံမပေးချင်လို့ ကားလာပို့တဲ့သူ ၃ ယောက်နဲ့ ရဟန်းသံဃာတစ်ပါးကို ပစ်သ-တ်ပြီး ရေထဲမျှောလိုက်တာ၊ သင်္ဘောတွေကို ဖမ်းပြီး ဆက်ကြေးတောင်း ပြန်ပေးဆွဲ ငွေတောင်းတာစတဲ့အမှုတွေ ပါဝင်ပြီး လက်နက်ကိုင် အထိန်းအကွပ်မဲ့ PDF တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်အသွင်မရှိတော့ဘဲ အလုပ်မလုပ်တဲ့ အရွယ်ကောင်းလူငယ်ရာနဲ့ချီရှိနေတဲ့ ကိုယ့် PDF အဖွဲ့ရပ်တည်ရေး ကြုံသလိုဓားပြတိုက်စားနေရတယ်ဆိုတာ ကြာလေပေါ်လွင်လေဖြစ်လာနေတာပါ။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့တော့ အသေးစိတ်အချက်အလက်တွေကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF) က ဖြေရှင်းလာချိန်မှာ MT News က ဆက်လက်ဖော်ပြပေးမှာပါ။
