MT News
Written by Nay Aung
ဂျာမနီအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကို ကူညီဖြေရှင်းရန်အတွက် ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်နေကြောင်း ကုလသမဂ္ဂကဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးအကြီးအကဲ York Schuegraf နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ယာယီအကြီးအကဲဖြစ်သူ Danielle Parry တို့သည် မကြာသေးခင်က တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ လိုအပ်ချက်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျာမနီသည် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ MHF သို့ ၂၀၂၃ ခုနှစ်တွင် အများဆုံးကူညီထည့်ဝင်ပံ့ပိုးသည့် နိုင်ငံများထဲ ပါဝင်လျက်ရှိနေပြီး တစ်နှစ်အတွင်း ယူရို ၄ ဒသမ ၅ သန်းကျော် ကူညီပံ့ပိုးပေးထားသည်။
ဂျာမနီသံရုံးအကြီးအကဲက ၎င်းတို့အနေဖြင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေ MHF သို့ ငွေကြေးထောက်ပံ့မှုများကို ယခုနှစ်တွင်လည်း ဆက်လက်ထည့်ဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။
လူသားချင်း စာနာထောက်ထားမှုအကူအညီများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိစေရေး ရန်ပုံငွေများကို အကျိုးရှိစွာ စီမံအသုံးချရမည်ဖြစ်ကြောင်း ဂျာမနီသံရုံးအကြီးအကဲနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ယာယီအကြီးအကဲဖြစ်သူက ထုတ်ဖော်ပြောဆိုထားသည်။
၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၈၈၆ ဒသမ ၇သန်း လိုအပ်နေသော်လည်း လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၁၉၄ ဒသမ ၇ သန်းကျော်သာ ရရှိထားကြောင်း UNOCHA က သတင်းထုတ်ပြန်ထားသည်။
ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းကျော် ကူညီပေးထားသည်။ မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရန် MHF ရန်ပုံငွေမှတစ်ဆင့်အများဆုံး ကူညီထားသောနိုင်ငံများထဲတွင် ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့် ဂျာမနီတို့ပါဝင်သည်။
Ref- UNnews