MT News
Written by Nay Aung
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Aizawl ဒေသ Maullungth ကျေးရွာတွင်နေထိုင်သော အသက် ၄၁ နှစ်အရွယ်ရှိကျေးရွာသားတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှုနှင့်ပတ်သက်ပြီး အသက် ၂၇ နှစ်အရွယ် မြန်မာဒုက္ခသည်တစ်ဦးကို သြဂုတ် ၉ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
လူသတ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံရသူသည် မြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်အတွင်းသို့ နေရပ်စွန့်ခွာ လာရောက်နေထိုင်နေသည့် Zung Nghin Thang ဆိုသူဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ Maullungth ကျေးရွာတွင်နေထိုင်သော ရွာသားများသည် ပျောက်ဆုံးလျက်ရှိနေသည့် အသက် ၄၁ နှစ်အရွယ်ရှိ Lallawmsanga ကို လိုက်လံရှာဖွေခဲ့ရာ သြဂုတ် ၃ ရက်နေ့တွင် ခုတ်ဖြတ်အသတ်ခံထားရသော ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောသည်။
ပျောက်ဆုံးလျက်ရှိနေသည့် Lallawmsanga ရုပ်အလောင်းကိုပြန်လည်တွေ့ရှိချိန်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်နေကြောင်း Maullungth ရွာသားများက ပြောသည်။ အဆိုပါလူသတ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံရသူသည် Maullungth ကျေးရွာအနီးရှိ စိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေပြီး နေရပ်စွန့်ခွာသူများနေထိုင်သည့် ယာယီစခန်းတွင်နေထိုင်နေသူဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
အိန္ဒိယ Aizawl ဒေသ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား Zung Nghin Thang သည် အဆိုပါလူသတ်မှုကို ကျူးလွန်ခဲ့သည်ဟု ဝန်ခံထားပြီး လူသတ်မှုဖြင့် စွဲချက်တင်ထားကြောင်း ပြောသည်။
အိန္ဒိယရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားဖြစ်သူ ချင်းတိုင်းရင်းသားကို ဖမ်းဆီးထားပြီး လူသတ်မှုကျူးလွန်ရသော အဓိကအကြောင်းအရင်းကို မေးမြန်းလျက်ရှိနေကြောင်း သိရသည်။ အသတ်ခံရသည့် အိန္ဒိယနိုင်ငံသား မီဇိုလူမျိုးသည် စိုက်ခင်းရှိတဲတွင် နေထိုင်အလုပ်လုပ်ရန်အတွက် ဇူလိုင် ၁၉ ရက်နေ့ကတည်းက ရွာမှထွက်သွားခဲ့ကြောင်း၊ ၎င်းကို တဲသို့သွားရောက်ရှာဖွေရာတွင်လည်း မတွေ့သည့်အတွက် လိုက်လံရှာဖွေခဲ့ရာ တောထဲတွင် သေဆုံးလျက်ရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုတွေ့မြင်ခဲ့ရခြင်းဖြစ်ကြောင်း Maullungth ကျေးရွာသားတစ်ဦးက ပြောသည်။
Ref- northeastlivetv