
၁၀. ၈. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ စိတ်ကျရောဂါ ခံစားနေရတဲ့ အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးက သူ့ရဲ့ မိဘနှစ်ပါးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် မနေ့က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
မိဘတွေကို ဒဏ်ရာအပြင်းအထန်ရစေခဲ့တဲ့ ဆယ်ကျော်သက်သေနတ်သမားဟာ Pee လို့ အမည်ရသူဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေက သတင်းရပြီးနောက် အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ်ရေးအဖွဲ့နဲ့ အမြန်သွားရောက် ခဲ့ရာမှာတော့ Pee က အိမ်ရှေ့မှာပဲ ဖမ်းဆီးခံဖို့ ထိုင်စောင့်နေခဲ့တယ်လို့ သိရပါတယ်။
ရဲတွေရဲ့မှတ်တမ်းအရ Pee ရဲ့ အသက် ၄၈ နှစ်အရွယ် ဖခင်ဖြစ်သူ Banthom Phaka ကို အိမ်အပြင်ဘက်မှာရပ်ထားတဲ့ ပစ်ကပ်ထရပ်ကားအနီးမှာ ရင်ဘတ်နဲ့ ညာလက်မောင်းတို့မှာ သေနတ်ဒဏ်ရာတွေနဲ့ လဲနေတာကို တွေ့ရှိခဲ့ပြီး အသက် ၃၉ နှစ်အရွယ် မိခင် Kaew Phaka ကိုတော့ မီးဖိုချောင်နားမှာ ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာ ထိုင်လျက်ရှိနေတာကို တွေ့ခဲ့တယ်လို့ သိရပါတယ်။
ဖခင်ဖြစ်သူ Banthom ဟာ ကနဦးမှာ နေအိမ်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဒဏ်ရာပြင်းထန်မှုကြောင့် ဘေးလွတ်ရာကို မရောက်ခင် ကားဘေးနားမှာ လဲကျခဲ့တာကို အိမ်နီးချင်းတွေက တွေ့ရှိပြီး တာဝန်ရှိသူတွေဆီ အကြောင်းကြားခဲ့တာပါ။
Pee ကတော့ ရွာသူကြီးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာကလွဲပြီး တခြားအချက်အလက်တွေကိုတော့ ထွက်ဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
လက်ရှိမှာ Pee ကို နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိဘတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ နောက်ကွယ်က အကြောင်းရင်းကို ဖော်ထုတ်ဖို့ နောက်ထပ် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
Ref; The Thaiger