၁၀. ၈. ၂၀၂၃
Written By Thandar
ပရိသတ်ရှေ့က ပျောက်နေတဲ့ မင်းသမီး ဖွေးဖွေးကတော့ အနုပညာနဲ့ပတ်သက်ရင် Introvert ကာရိုက်တာမျိုးရိုက်ချင်သလို၊ နည်းနည်း Psycho ဆန်ဆန် ဗီလိန်ဆန်ဆန်တွေလည်း ရိုက်ချင်စိတ်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဖွေး ဟိုးအရင် အသက် ၃၀ ပြည့် မွေးနေ့တုန်းက စဉ်းစားထားတာက ဖွေး အသက် ၃၅ ပြည့်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ retire လုပ်မယ်။ ခရီးတွေလျှောက်ထွက်မယ် ကိုယ့်မိသားစုနဲ့ နေမယ်။ Personally ကိုယ့်ကိုကိုယ့် ဖြည့်ဆည်းမယ်ပေါ့။ ကိုယ့် ရည်ရွယ်ထားတဲ့အတိုင်းကမဖြစ်ဘူးလေ ခုကျတော့ အသက် ၃၅ ပြည့်မှ အလုပ်တွေပြန်စလုပ်ရမလို ဖြစ်သွားတယ်။ ဒါပေမယ့် ဟိုးအရင်ကလို အနုပညာတွေ မလုပ်ဖြစ်လောက်ဘူး နည်းနည်းနဲ့ကျယ်ကျယ်ပဲအနုပညာတွေ လုပ်ဖြစ်တော့မယ်။ ခုလောလောဆယ်မှာ ဇာတ်ကား တွေ ဖွေးလက်ခံဖို့မရှိ သေးပါဘူး။ အရမ်းအေးချမ်းတဲ့ ကာရိုက်တာမျိုး Introvert ရိုက်ချင် တယ်။ နောက်တစ်ခုက နည်းနည်း Psycho ဆန်ဆန် ဗီလိန်ဆန်ဆန်တွေလည်း ရိုက်ချင်စိတ်ဖြစ်ပါတယ်။ ဖွေးခုနောက်ပိုင်း မနက်ဖြန်ဘာလုပ်မလဲဆိုတာ ကြိုတွေးမထားဘူး။ မနက်ဖန် ကိစ္စမနက်ဖန်ရောက်မှပဲ တွေးဖြစ်ပါတယ်”လို့ အကယ်ဒမီ ဖွေးဖွေးက ပြောပါတယ်။
သူမကတော့ ပရိသတ်ရှေ့က သုံးနှစ်ကျော်လောက် အနုပညာအလုပ်တွေကို ရပ်နားခဲ့လိုက်ပြီး မကြာခင် ရက်ပိုင်းမန္တလေးက ပွဲတစ်ခုကို ပထမဦးဆုံးတက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဩဂုတ်လ ၉ ရက်က တော့ သူမရဲ့ အသက် ၃၅ နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။
“ဖွေး ၃ နှစ်ကျော် နားနေချိန်မှာ စာတွေဖတ်လိုက် ရုပ်ရှင်တွေကြည့်လိုက် သူငယ်ချင်းတွေဆီ သွားလာဖြစ်နေတယ်လို့ ဆိုရမှာပါ။ အနုပညာအလုပ်တွေကို အဲလောက်အကြာကြီးတော့ မနားဖူးဘူး။ ပရိသတ်တွေနဲ့ ပြန်တွေ့ပြီး ပန်းစည်းတွေ လက်ဆောင်တွေလည်း မရတာကြာပြီ။ အခု နှုတ်ဆက်လာကြတော့ အရင်လို နွေးနွေးထွေးထွေးလေး ပြန်ခံစားရပါတယ်။ ဒီကာလမှာ လူတိုင်းနဲ့တန်းတူပါပဲ။ စိတ်ဓာတ်က ကျသွားလိုက်၊ ပြန်တက်လာလိုက်ပါပဲ။ ကိုယ့်ကိုကိုယ့် အားပေးလိုက် စိတ်ကအားပြန်တက်သွားလိုက် စိတ်ဓာတ်အတက်အကျ အရမ်းများခဲ့တဲ့ ကာလပါပဲ။ စိတ်ဓာတ်ကျရင် ခွန်အားဖြစ်စေမယ့် စာ တွေ ဖတ်တယ်။ မျိုးစုံတော့ လျှောက်ကြိုးစားကြည့်နေတယ်”လို့ ဆိုပါတယ်။ “အပင်တွေလည်း စိုက် တယ်။ Healthy ဖြစ်တဲ့နည်းတွေနဲ့ ကိုယ့်ကိုကိုယ့် အားပေးရတာရှိတယ်။ Unhealthy နည်းတွေနဲ့ ကိုယ့်ကိုကိုယ့် အားပေးရတာ ရှိတာပေါ့။ ဥပမာ – အရက်သောက်တာတို့ဘာတို့ပေါ့။ တခါတလေလည်း သောက်ဖြစ်တယ်”လို့ သူမဆက်ပြောပါတယ်။
လက်ရှိ မြန်မာပြည်က အနုပညာသည်လေးတွေက ရုပ်သံဇာတ်လမ်းတွဲတွေ အချင်းချင်းအားပေး အောင်မြင်လာသလို အသစ်အသစ်တွေနဲ့ မျိုးဆက်သစ်တွေ တက်လာတဲ့အတွက်လည်း ဝမ်းသာတယ်လို့ ပြောပါတယ်။ သူမကတော့ လက်ရှိ အနုပညာအတွက် နားနေချိန်မှာ အနုပညာဝမ်းစာအနေနဲ့ သရဲကား ၊ လူသတ်ကား ၊ ကာတွန်း ကား ၊ ရုပ်သံဇာတ်လမ်းတွဲ ၊ ဟာသကား စတဲ့ ဇာတ်ကားမျိုးစုံကို ကြည့်ရှုဖြစ်နေတယ်လို့ ဆိုပါတယ်။