October 18, 2024

၁၀. ၈. ၂၀၂၃
Written by Peya

ကရင်ပြည်နယ်တွင် မိုးကြီးရေလျှံမှုကြောင့် လူဦးရေ တစ်သောင်းကျော်အတွက် ရေဘေးရှောင်စခန်းဖွင့်ကာ ဆောင်ရွက်နေရကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က MT News သတင်းဌာနသို့ ပြောသည်။

“လက်ရှိကတော့ ရေတော်တော်လေးကို ကြီးနေပါတယ်။ မြို့ပေါ်ကော ကျေးရွာတွေကော ပြောရရင် သံတောင်တစ်မြို့နယ်က လွဲလို့ ခြောက်မြို့နယ်လုံးကတော့ ရေကြီးတဲ့ ဒဏ်ကို ခံနေရတာပေါ့။ အခုက လူဦးရေ တစ်သောင်းကျော်ကျော်လောက်ကို ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ဆောင်ရွက်နေရတယ်။ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်ပေါ့။ ခြောက်မြို့နယ်လုံးမှာ ကူညီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပြီး ကူညီကယ်ဆယ်မှု လုပ်ငန်းတွေကို နေ့စဉ်နဲ့ အမျှ ဆောင်ရွက်နေရတယ်” ဟု ဝန်ကြီးက ဆိုသည်။

ဖာပွန်မြို့နယ်၌ အမက ၂ ကျောင်းတွင် ရေဘေးရှောင် စခန်းတစ်ခု ဖွင့်ထားကာ ကမမောင်းမြို့တွင် တစ်နေရာ၊ ဘားအံမြို့တွင် ၁၁ နေရာ စသည်ဖြင့် ဖွင့်လှစ်ထားကာ စခန်းကို မလာပဲ ဆွေမျိုးသားချင်း အိမ်များတွင် ခိုလှုံနေကြသူများလည်း ရှိကြောင်း ဝန်ကြီး ဦးစောခင်မောင်မြင့်က ဆိုသည်။

“ဘားအံမှာပဲ အယောက်လေးထောင်ကျော်တယ်။ လှိုင်းဘွဲ့မှာဆိုရင် ငါးထောင်ကျော်။ ဘားအံနဲ့ လှိုင်းဘွဲ့တင် ကိုးထောင်ကျော်ပါတယ်” ဟု ဝန်ကြီးက ရှင်းပြသည်။

လက်ရှိတွင် ပြည်နယ်အစိုးရအနေဖြင့် ထောက်ပံ့နေကာ အလှူရှင်များကလည်း ပံ့ပိုးပေးနေပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း လာရောက်ခဲ့ကြောင်း ဝန်ကြီး ဦးစောခင်မောင်မြင့် က ဆိုသည်။

“ဒီနေ့က မိုးနည်းနည်း နည်းတယ် ပြောရမယ်။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်က သွန်ချသလိုပဲ။ မြစ်ရေကလည်း တက်၊ မိုးကလည်း ရွာတော့ ရေတွေက တက်လာတာ” ဟု ဝန်ကြီးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *