October 18, 2024

၁၀. ၈. ၂၀၂၃
Written by Peya

မြဝတီ အာရှလမ်းမကြီးတွင် မြေပြိုမှုကြောင့် ပျက်စီးသွားသော လမ်းပိုင်း၌တစ်လအတွင်း ယာယီဘေလီ တံတားထိုးမည်ဖြစ်ပြီးရေရှည်အတွက် ရေထုတ်ပြွန်(သို့မဟုတ်)တံတားဆောက်မည် ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူများကို MT News သတင်းဌာနက မေးမြန်းချက်များအရ သိရသည်။

မြဝတီ–ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော် ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉) နှင့် (၁၅၀) အကြားတွင် မိုးများသည့်အတွက် သြဂုတ် ၇ ရက် က ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ၁၅၀ ပေခန့် ပဲ့ကျပျက်စီးခဲ့ခြင်းဖြစ်ကာ ယာဉ်သွားလာမှု ယာယီရပ်ထားရခြင်း ဖြစ်သည်။

“လမ်းပြတ်ကျသွားတဲ့ နေရာရဲ့ ဘေးတစ်ဖက်စီမှာ ယာယီ ဘေလီတံတား ထိုးမယ်လို့ သိရပါတယ်။ ပြီးတော့ တံတားထိုးနေတုန်းမှာလည်း လမ်းပြတ်တောက်မှု မရှိအောင် ရှောင်ကွင်းလမ်း လုပ်မယ်။ ပြီးရင် ဝန်တင်ကားတွေဖြတ်နိုင်ဖို့ ဘေလီတံတားထိုးမှာလို့ သိထားပါတယ်” ဟု အစိုးရအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-08-10_11-05-16-1024x768.jpg

ထိုသို့ ဆောင်ရွက်ရာတွင် ရာသီဥတု နှင့် လုပ်အားအပေါ် မူတည်ကာ တစ်လအတွင်း အပြီးဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။ “ဒီနေ့မှာ စလုပ်ဖို့ပြင်နေတာ တွေ့ရပါတယ်။ ပစ္စည်းပို့တာ ဖြစ်မယ်။ ပြီးရင်တော့ အမြန်ဆုံး ပြန်ပွင့်သွားစေချင်ပါတယ်” ဟု ကရင်ပြည်နယ်မှ ပို့ကုန်သွင်းကုန် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

လက်ရှိမျက်မြင်အရ ယခင်အသုံးပြုခဲ့သည့် မြဝတီ – ကော့ကရိတ်လမ်းဟောင်း ထိုကော်ကိုး လမ်းပိုင်းမှ တဆင့် လူစီးယာဉ်များ နှင့် ပစ္စည်းတင် ယာဉ်ငယ်များ ဖြတ်သန်း သွားလာနေကြောင်းလည်း ၎င်းက ဆိုသည်။

“လမ်းပိုင်းပျက်သွားတဲ့ နေရာမှာ ရေထွက်ပြွန် ဒါမှမဟုတ် တံတားကို ဆောက်သွားမယ်လို့ သိရပါတယ်။ ဒါကတော့ ပွင့်လင်းရာသီကျမှ လုပ်မယ်လို့ သိရပါတယ်” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *