October 18, 2024

MT News

Written by Min Mahar

ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသော အမျိုးသားကြီးတစ်ဦးသည် ဩဂုတ် ၈ ရက်ညနေစောင်းပိုင်းက ငါးကန်ဘောင်နံဘေး မြက်ရိတ်နေစဉ် PDF များထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် မိုင်းစများထိမှန်ကာ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဘူတာ(ခ)ရပ်(ဒေသအခေါ်)တွင် နေထိုင်၍ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသော အသက် ၅၆ နှစ်အရွယ် အမျိုးသားကြီးသည် ဩဂုတ် ၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ၎င်းတို့ငါးကန်ဘောင်တွင် မြက်ရိတ်နေစဉ် ညာဘက်ခြမ်း ၃ ပေခန့်အကွာမှ PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် မိုင်းစများထိမှန်ကာ ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း ၎င်းပေါက်ကွဲမှုအနီး နေထိုင်သူတစ်ဦးပြောပြချက်အရ သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားကြီးတွင် ယာဘက်ခြေသလုံး ပေါက်ပြဲသွားသည့် ဒဏ်ရာ ၂ ချက်၊ ယာဘက်ဒူး ပေါက်ပြဲသွားသော ဒဏ်ရာ ၁ ချက်၊ ယာဘက်ဝမ်းဗိုက်အောက်တွင်လည်း စုတ်ပြဲဒဏ်ရာ ၁ ချက်နှင့် ယာဘက်လက်မောင်းပေါက်ပြဲသွားသည့် ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)စသည့် ဒဏ်ရာများ အသီးသီးရရှိသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *