October 18, 2024

MT News

Written by Min Mahar

ရွှေဘိုမြို့၌ ပန်းတောင်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးသည် ဈေးဝယ်ပြီးပြန်လာစဉ် PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဒဏ်ရာရရှိမှု ဩဂုတ် ၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၉ ရက် မနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းတောင်းကျေးရွာတွင်နေထိုင်သည့် အသက် ၆၈ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးသည် ရွှေဘိုမြို့ရှိ မြို့မစျေးသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းစျေးဝယ်ပြီးပြန်လာစဉ် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဘို-ရေဦးသွားကားလမ်းဘေးရှိ”လင်းကမ္ဘာ”ဖုန်းဆိုင်အနီးသို့အရောက်တွင် ဆိုင်ကယ်အား ခေတ္တရပ်၍ ဖုန်းပြောနေစဉ်အတွင်း PDF အဖွဲ့မှ အမည်မသိအမျိုးသား ၂ ဦးက 125 ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာကာ သေနတ်အတိုဖြင့်ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၎င်းပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးတွင် အမျိုးသားလိင်အင်္ဂါတံကို သေနတ်ကျည်ထိမှန်သွားသည့် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဩဂုတ် ၉ ရက် ၁၁ နာရီ ၁၀ မိနစ်တွင် ရွှေဘိုခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့အသင်းပိုင် မော်တော်ယာဉ်ဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်သွားသူနှစ်ဦးအား အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *