October 18, 2024

၁၀. ၈. ၂၀၂၃
Written by Min Mahar

ပခုက္ကူမြို့နယ်ရှိ “အင်ပင်စစ်ဆေးရေးဂိတ်”ကို PDF အဖွဲ့က Drone ယာဉ် ၃ စီးပေါ်မှ Drop Bomb ၆ လုံးဖြင့် ဩဂုတ် ၈ ရက် မွန်းလွဲပိုင်းက ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၄ ဦး ဒဏ်ရာများရရှိသွားကာ ဆေးကုသမှုခံယူနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၈ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကိုင်းအုပ်စု၊ အင်ပင်ကျေးရွာရှိ “အင်ပင်စစ်ဆေးရေးဂိတ်”(ပခုက္ကူမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ)တွင် တာဝန်ကျနေသော ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ်အတွင်း စစ်ဆေးရေးဂိတ်၏အနောက်မြောက်ဘက်ရှိ မန်ကျည်းကန်ကျေးရွာဘက်မှ PDF အဖွဲ့များ ထိန်းချုပ်မောင်းနှင်လာသည့် Drone ယာဉ် ၃ စီးသည် အမြင့်ပေ မီတာ ၅၀၀ ခန့်အကွာလောက်က ပျံသန်းလာပြီး Drop Bomb ၆ လုံးဖြင့် ၎င်းစစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ချတိုက်ခိုက်ခဲ့သော်လည်း စစ်ဆေးရေးဂိတ်၏ မြောက်ဘက်၌ရှိသော ကတ္တရာလမ်းမပေါ်တွင် ၁ လုံး၊ ဂိတ်၏မြောက်ဘက်ရှိ လယ်ကွင်းပြင်တွင် ၃ လုံးနှင့် ဂိတ်၏ အရှေ့မြောက်ဘက်၌ရှိသော လယ်ကွင်းပြင်တွင် ၂ လုံး အသီးသီးကျရောက်ပြီး ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သေနတ်ဖြင့် ၂ ချက်ပြန်လည်ပစ်ခတ်ခဲ့ပြီး အဆိုပါ Drone ယာဉ်သည် လာရာလမ်းအတိုင်း ၁ နာရီ ၅၀ မိနစ်တွင် ဆုတ်ခွာပျံသန်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်၏ မြောက်ဘက်ကတ္တရာလမ်းမပေါ်တွင် Drop Bomb တစ်လုံးကျရောက်မှုကြောင့် ကျေးရွာအတွင်းလမ်းသွားလမ်းလာများဖြစ်ကြသည့် အသက် ၅၂ နှစ်အရွယ်ခန့်ရှိသော အမျိုးသမီးကြီး ၁ ဦး၊ အသက် ၄၅ နှစ်အရွယ်ရှိသည့်အမျိုးသမီးတစ်ဦး၊ အသက် ၁၆ နှစ်ခန့်ရှိသော အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး၊ စုစုပေါင်းရွာသူရွာသား ၄ ဦးခန့်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား သုခကာရီ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ၁ နာရီ ၅၅ မိနစ်တွင် ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

ထိုအင်ပင်စစ်ဆေးရေးဂိတ်အား PDF အဖွဲ့မှ လာရောက်တိုက်ခိုက်သည်မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၄ ကြိမ်နှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ထိ DropP Bomb ဖြင့် ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း အင်ပင်စစ်ဆေးရေးဂိတ်တွင်တာဝန်ကျနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *