October 18, 2024

၉. ၈. ၂၀၂၃
Written by Nay Aung

စင်ကာပူထိပ်သီးဘဏ်တစ်ခုဖြစ်သော United Oversea Bank (UOB)က မြန်မာနိုင်ငံအခြေစိုက်ဘဏ်များနှင့်ဘဏ်လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နေမှုများကို ဖြတ်တောက်ရန် စီစဉ်နေကြောင်း ဂျပန်အခြေစိုက်သတင်းဌာန Nikkei Asia က ဖော်ပြထားသည်။

SAC ကို ကမ္ဘာ့ဘဏ္ဍာရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်မှုများ ကန့်သတ်နိုင်ရန် ရည်ရွယ်ပြီး စင်ကာပူအခြေစိုက်ဘဏ်သည် မြန်မာနိုင်ငံရှိဘဏ်များနှင့်ဆက်ဆံရေးကိုဖြတ်တောက်ပစ်ရန် စီစဉ်လာခြင်းဖြစ်သည်။

UOB ဘဏ်သည် ပြီးခဲ့သောသီတင်းပတ်တွင် မြန်မာဘဏ်များထံ လျှို့ဝှက်အသိပေးစာများပေးပို့ခဲ့ကြောင်း၊ အဆိုပါစာထဲတွင် မြန်မာ့ဘဏ်အကောင့်များထံပေးပို့မည့် ငွေပေးချေမှုအားလုံးကို တားမြစ်လိုက်သောအချက်ပါဝင်နေကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့်ဘဏ်များအတွက် Visa ကတ်နှင့် Mastercard ငွေလွှဲခြင်းဆိုင်ရာ ကန့်သတ်ချက်အသစ်များ ထပ်မံလုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is IMG-698c3a6892f842841a998613de4052bf-V.jpg

အဆိုပါ လျှို့ဝှက်အသိပေးစာထဲတွင် UOB အကောင့်အချင်းချင်းသာ ငွေလွှဲဝန်ဆောင်မှု ရရှိနိုင်ဖွယ်ရှိနေသောအချက်ကိုလည်း ထည့်သွင်းထားသည်။ ထို့အပြင် စင်ကာပူအခြေစိုက့် UOB ဘဏ်သည် ဟောင်ကောင်မြို့ရှိ UOB ၏ ဘဏ်ခွဲတွင် နိုင်ငံရပ်ခြား Customer များအတွက် ငွေလွှဲငွေယူဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက်ဖွင့်လှစ်ထားသည့် မြန်မာဘဏ်များ၏ “Nostro Accounts”နိုင်ငံခြားငွေစာရင်းများကို ပိတ်သိမ်းသွားဖွယ်ရှိနေသည်။

ဘဏ်လုပ်ငန်းလေ့လာသူအချို့က စင်ကာပူအခြေစိုက်ဘဏ်သည် SAC ၏ ငွေကြေး၊ ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဖြတ်တောက်ရန်အတွက် အမေရိကန်အစိုးရ၏ ဖိအားများကြောင့် UOB ဘဏ်က ယင်းကဲ့သို့လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ပြောသည်။

စင်ကာပူအခြေစိုက်ဘဏ်၏ အသိပေးစာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရှိ ဘဏ်အချို့သည် Customers များကို သတိပေးမှုများ စတင်လုပ်ဆောင်လာနေကြောင်း သိရသည်။ မြန်မာနိုင်ငံအခြေစိုက် AYA Bank က ” စင်ကာပူအခြေစိုက် UOB ရဲ့အသိပေးစာကိုလက်ခံရရှိခဲ့တယ်။ စက်တင်ဘာ ၁ရက်နေ့က စတင်ပြီး UOB ဘဏ် အကောင့်အချင်းချင်းသာ ငွေလွှဲငွေယူများကို လက်ခံတော့မှာဖြစ်တယ်။ AYA Bank ဘဏ်အနေနဲ့ ငွေကြေးစီးဆင်းမှု အဆက်မပြတ်စေဖို့ အခြားမိတ်ဖက်ဘဏ်တွေနဲ့အတူအနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။

ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားငွေကြေးကျွမ်းကျင်သူတစ်ဦးက စင်ကာပူအခြေစိုက် UOB ဘဏ်၏ နောက်ဆုံးထုတ်ပြန်ချက်၏ သက်ရောက်မှုသည် ကြီးမားဖွယ်ရှိနေကြောင်းပြောသည်။

၎င်းက ” မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ UOB ဘဏ်အပေါ် မှီခိုနေရသူတွေဘယ်လောက်ရှိသလဲဆိုတာကို အတိအကျမသိပါဘူး။ ဒါပေမယ့် ငွေကြေးလွှဲပြောင်းပေးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ UOB ဘဏ်ကို မှီခိုနေရသူများဖွယ်ရှိနေပါတယ်” ဟု ပြောသည်။

စင်ကာပူအခြေစိုက် UOB ဘဏ်သည် ၁၉၉၄ ခုနှစ်က မြန်မာနိုင်ငံတွင်ကိုယ်စားလှယ်ရုံးတည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းများလုပ်ကိုင်ရန် ဘဏ်လိုင်စင်ရရှိခဲ့ကာ ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့တွင် ဘဏ်ခွဲဖွင့်လှစ်ခဲ့ဖူးသည်။ UOB ဘဏ်သည်ပုဂ္ဂလိကပိုင် မြန်မာ့ထိပ်တန်းဘဏ်များစွာအတွက် အဓိက ကြားခံဆောင်ရွက်ပေးသောဘဏ်ဖြစ်ပြီး Myanmar Airways International (MAI) လေကြောင်းလိုင်းကို သြဂုတ် ၁၅ ရက်နေ့ နောက်ဆုံးထား၍ ဘဏ်ဝန်ဆောင်မှုပေးခြင်းများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း မကြာသေးမီက အသိပေးထားသည်။

Ref- — asia.nikkei

Leave a Reply

Your email address will not be published. Required fields are marked *