October 18, 2024

MT News

Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် မြစ်ညာပိုင်းဒေသများ တောင်စောင်းမြေပြိုမှုများကြောင့် ရေလွှမ်းမိုးမှုအခြေအနေက ပို၍ဆိုးဝါးလာနေကာ လူနှစ်သိန်းကျော်မှာ ရေဘေးမှကင်းလွတ်ရာသို့ ရှောင်တိမ်းသောင်တင်နေကြကြောင်း သိရသည်။

ကော့စ်ဘဇာခရိုင်၏ ချာကာရီယာ၊ ပီကူးအားနှင့် ရာမူး ဆာဒါမြို့နယ်များတွင် ကျေးရွာပေါင်း ၉၀ ခန့် ရေလွှမ်းမိုးခြင်းခံနေရကြောင်းလည်း သိရသည်။ ကော့စ်ဘဇားခရိုင်အတွင်း လွန်ခဲ့သည့် ရက်သတ္တပတ်ကစ၍ ဩဂုတ်လ ၇ ရက်ညအထိ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြစ်ရေများက စိုးရိမ်ဖွယ်ရာ ရေအမှတ် အထက်သို့ မြင့်တက်လာခဲ့သည်။

ချာကာရီယာ မြို့နယ်ရှိ တာဝန်ရှိသူတစ်ဦးက “မာတာမူဟူရီမြစ်ဆိုရင်မိုးကအဆက်မပြတ်ရွာပြီး မြေပြိုမှုတွေကြောင့် ရေမျက်နှာပြင်က စိုးရိမ်ဖွယ်ရေအမှတ်ကိုကျော်နေပြီ။ မြစ်တစ်လျှောက် ရေကာတာ၊ တမံတွေလည်းကျိုးပေါက်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ကုန်ပြီ” ဟု ပြောခဲ့သည်။

ထို့ပြင် ရေအရင်းအမြစ်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ကလည်း နယ်မြေအတော်များများတွင် ရေကာတာနှင့် တမံများကျိုးပေါက်ပျက်စီးမှုများ ဆက်လက်ဖြစ်နိုင်ကြောင်းလည်း သတိပေး ပြောကြားခဲ့သည်။ မိုးကြီးမှု၏ အောက်ဝယ်ခရိုင်အတွင်း ရေမျက်နှာပြင် အမှတ်က မြစ်များ၊ ချောင်းများ၌ ချက်ချင်းပင် မြင့်တက်လာကာ ရေတိုက်စားမှုနှင့်တောင်ပြိုမှုများ ဖြစ်ပွားနိုင်သည့်နေရာများတွင် နေထိုင်ရသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

ဩဂုတ်လ ၇ ရက်က ခရိုင်အတွင်း မိုးသည်းထန်မှုကြောင့် မြေပြိုမှုတစ်ခု၌ လူလေးဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရခဲ့သည်။

Ref-Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *