October 18, 2024

MT News

Written by Hey Mar

ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ခေါင် ရူပမြောက်ချောင်းထဲမှာ မြေဆီအိတ်နဲ့ ထုပ်ထားတဲ့ လူသေလောင်းတစ်လောင်းကို သြဂုတ် ၈ ရက် ညနေ ၄ နာရီ ဝန်းကျင်က တွေ့ရှိဆယ်ယူပေးခဲ့ရတယ်လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

တွေ့ရှိရတဲ့ ရုပ်အလောင်းက အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားအလောင်းဖြစ်ပြီး သေဆုံးချိန်မှာ ရက်သတ္တပတ်ခန့် ရှိပြီလို့ ခန့်မှန်းရသလို ရုပ်အလောင်းတွေ့ရှိပုံမှာ ခြေထောက်နှစ်ချောင်းက မြေဆီအိတ်အပြင်ထွက်နေကာ ချောင်းအတွင်း အမှိုက်တွေနဲ့ ငြိနေတာကို ဖြတ်သွားဖြတ်လာတချို့က တွေ့ရှိပြီး သက်ဆိုင်ရာကို အကြောင်းကြားအကူအညီတောင်းတာလို့လည်း သိရပါတယ်။

This image has an empty alt attribute; its file name is 363820242_157585250692291_2546934091835742273_n.jpg

မေတ္တာရောင်ခြည် ပရဟိတ အသင်း တာဝန်ရှိသူ “ကျွန်တော်တို့ စစ်တွေမှာ တောင်ကိုရီးယား မြောက်ကိုရီးယားအပိုင်းဆိုပြီး ကန့်ထားတဲ့ ချောင်းပေါ့။ အဲဒီ့ထဲမှာ မြေဆီအိတ်နဲ့ စွပ်ချည်ထားတဲ့ ပုံသဏ္ဍာန်နဲ့ တွေ့တာမို့ ဒါက သာမာန်သေဆုံးတာမဟုတ်ဘဲ အသတ်ခံရတဲ့ ပုံသဏ္ဍာန်လို့ သက်ဆိုင်ရာက မှတ်ချက်ပြုတာတော့ကြားပါတယ်။ အလောင်းက ရုပ်အတော်ပျက်နေပြီမို့ ဘယ်ကမှန်း ခန့်မှန်းရခက်တယ်။ ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးဖို့ ရင်ခွဲရုံ ပို့ပေးဆိုလို့ ကျွန်တော်တို့ မေတ္တာရောင်ခြည်အသင်းက ကူညီခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ် ။

တွေ့ရှိဆယ်ယူထားတဲ့ ရုပ်အလောင်းကို မေတ္တာရောင်ခြည် ပရဟိတ အသင်းပိုင်နိဗ္ဗာန်ယာဥ်နဲ့ စစ်တွေပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *