October 18, 2024

၉. ၈. ၂၀၂၃
Written by Pan Ei

ဘိုလီးဗီးယားနိုင်ငံက အသက် ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့အနှစ်သက်ဆုံး စူပါ ဟီးရိုးဖြစ်တဲ့ ပင့်ကူလူသား(စပိုက်ဒါမန်း) လိုမျိုး ဖြစ်ချင်လို့ အန္တရာယ်ရှိတဲ့ ပင့်ကူနက် အကိုက်ခံခဲ့ပြီးနောက် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်ရပ်ဟာ ဘိုလီးဗီးယားအလယ်ပိုင်း အော်ရူရိုမြို့အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမည်မဖော်လိုတဲ့ ရှစ်နှစ်အရွယ်ကလေးငယ်က အိမ်နားမှာရှိတဲ့ မြစ်ကမ်းအနီးမှာ ကစားနေစဉ် ကျောက်တုံးကြီးတစ်ခုကို ဖယ်လိုက်ရာ အနက်ရောင်မုဆိုးမ ပင့်ကူတစ်ကောင်ကို တွေ့ရှိခဲ့ရာကနေ သူဟာ အဲ့ဒီ ပင့်ကူနက်ကို လက်ဖမိုးပေါ်တင်ခဲ့ပြီး စပိုက်ဒါမန်းဖြစ်ချင်တာနဲ့ အကိုက်ခံလိုက်တာပါ။ အဲဒီပင့်ကူမျိုးက မျိုးစိတ်တူ စပိုက်ဒါပင့်ကူနက်အထီးတွေကိုမှ စားလေ့ရှိတာကြောင့်လည်း မုဆိုးမပင့်ကူနက် (Black Widow Spider) လို့ ခေါ်ကြတယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက်မှာ အဆိပ်ပြင်းတဲ့ ပင့်ကူနက်ကိုက်ခံရခြင်းရဲ့အကျိုးဆက်အနေနဲ့ ကလေးငယ်မှာ ခန္ဓာကိုယ်ကိုက်ခဲခြင်းနဲ့ ပြင်းထန်တဲ့ ကြွက်သားဝေဒနာတွေကို စတင်ခံစားလာရကာ အစပိုင်းမှာတော့ ကောင်လေးက ပင့်ကူကိုက်ခံတာနဲ့ ပတ်သက်ပြီး မိခင်ကို ဘာမှ မပြောခဲ့ပေမဲ့ သူ့ရဲ့ဝေဒနာ ပြင်းထန်လာတာကြောင့် သုံးနာရီလောက်ကြာပြီးနောက်မှာတော့ သူဟာ သူ့မိခင်ကို ပင့်ကူကိုက်ခံခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့ပါတယ်။

မိခင်ဖြစ်သူက ကလေးကို အနီးနားမြို့က ကျန်းမာရေးဌာနတစ်ခုဆီ ခေါ်သွားခဲ့ပေမယ့် နောက်ပိုင်း မှာတော့ အော်ရူရို မြို့မှာရှိတဲ့ ဆေးရုံ General San Juan de Dios ကို ဆရာဝန်တွေက ညွှန်းခဲ့တာကြောင့် ကလေးကိုဆေးရုံတင်ခဲ့ပြီး ဆရာဝန်တွေကလည်း ကိုက်တဲ့ပင့်ကူမျိုးစိတ်ကို ဖော်ထုတ်ပြီးနောက် အဆိပ်ကို ဖြေပေးနိုင်တဲ့ သင့်တော်တဲ့ ဆေးကို ထိုးပေးခဲ့ကာ မိနစ် ၃၀ အကြာမှာတော့ အဲ့ဒီ ကလေးငယ်ရဲ့ အခြေအနေ တည်ငြိမ်လာခဲ့တယ်လို့သိရပါတယ်။

မုဆိုးမ ပင့်ကူကိုက်ခံရတဲ့ လူအများစုဟာ ပြင်းထန်တဲ့ နောက်ဆက်တွဲဝေဒနာတွေကို ခံစားရလေ့မရှိ ပေမဲ့ ရှားရှားပါးပါး အခြေအနေတွေမှာတော့ မုဆိုးမပင့်ကူမျိုးစိတ်အချို့ အကိုက်ခံရမှုကြောင့် ခန္ဓာ ကိုယ်မှာအတွင်းရှိတဲ့ အာရုံကြောအချက်ပြမှုတွေ ပျက်စီးပြီး သေဆုံးသည်အထိ ဖြစ်ပေါ်စေနိုင်ကာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အခြေခံကျန်းမာရေးပြဿနာရှိသူတွေမှာတော့ အဲ့လို နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စိတ်ဝင်စားစရာအနေနဲ့ ၂၀၂၀ ခုနှစ်တုန်းက ဘိုလီးဗီးယားမှာပဲ ယောက်ျားလေး သုံးယောက်ဟာ ခုလို စပိုက်ဒါမန်းဖြစ်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပင့်ကူအကိုက်ခံခဲ့တဲ့ အလားတူဖြစ်ရပ်မျိုး ရှိခဲ့ပါသေးတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *