October 18, 2024

MT News

Written By Thandar

အဆိုတော် စိန်လင်း (Aroma) ရဲ့ နိဗ္ဗာန်ဂုဏ်ရည်ကျောင်း ဆောင်သစ် ရေစက်ချအလှု မင်္ဂလာအခမ်းအနားကို ဩဂုတ်လ ၈ ရက် နံနက်ပိုင်းက တွံတေးမြို့နယ်ရှိ ကျောင်းသစ်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

“ဒီကျောင်းဆောင်ကို စဆောက်မယ်ဆိုပြီး စဉ်းစားဖြစ်တဲ့အချိန်က ကျွန်တော် ဒီကျောင်းမှာ ရဟန်း၀တ်တဲ့ အချိန်ပါ။ကိုဗစ်ရောဂါတွေ ဖြစ်လာပြီးတဲ့နောက်မှာ လူတွေအများကြီး ကိုဗစ်ရဲ့ ရိုက်ခတ်မှုတွေ တိုက်ခတ်မှုတွေ မျိုးစုံကြုံခဲ့ရတယ်။ မမြဲခြင်း တရားကိုလည်း သတိဝင်လာတယ်။ သေခြင်း တရားမတိုင်ခင် ဘာတွေလုပ်သွားမလဲပေါ့။ အဲ့ဒီအချိန်မှာ ကျောင်းဆောင်ကို လှူချင်တဲ့ ခံစားချက်ဖြစ်မိခဲ့တယ်။ ဒီကျောင်းက ကျောင်းထိုင်ဘုန်းဘုန်းကြီးနဲ့ သံဃာတော်တွေ တင့်တင့်တယ်တယ်နဲ့ တရားဘာ၀နာပွားများနိုင်အောင် လှူဒါန်းပေးခဲ့တာပါ။ ဒီကျောင်းတိုက်ထဲမှာ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ တခြားကျောင်းဆောင်တွေမှာဆိုရင်လည်း ဂုဏ်ရည်ဆိုတဲ့နာမည်လေးတွေပါတော့ ကျွန်တော့်အနေနဲ့ နိဗ္ဗာန်ကိုအထောက်အပံ့ဖြစ်ဖို့အတွက် ရည်စူးပြီး နိဗ္ဗာန်ဂုဏ်ရည်ဆိုပြီး ပေးဖြစ်ခဲ့တာပါ”လို့ စိန်လင်း(Aroma)က ပြောပါတယ်။

This image has an empty alt attribute; its file name is 366660436_254361587549366_5822423044892690931_n.jpg

အဆိုပါ ရေစက်ချအလှု မင်္ဂလာအခမ်းအနားမှာတော့ ဘုရားအမှူးရှိတဲ့ ဆရာတော် သံဃာတော်တွေကို ‌ဆွမ်း၊ သင်္ကန်း၊ ၀တ္ထုငွေတွေကို ဆက်ကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ နိဗ္ဗာန်ဂုဏ်ရည်ကျောင်းဆောင်ကို ၂၀၂၂ ခုနှစ် ဇန်နဝါလ ၁၄ ရက်က ပန္နက်ရိုက် ကျောင်းဆောင်ဆောက်ခဲ့ပြီး တစ်နှစ်ကျော်ကြာ တည်ဆောက်ခဲ့တယ်လို့သိရပါတယ်။

“ဒီဘဝ ကိုယ့်ရှာထားတဲ့ ချွေးနည်းစာလေးနဲ့ ဘာပဲဖြစ်ဖြစ် သံသရာပါသွားဖို့အတွက် လှူဖြစ်တာပါ။ အခုလိုမျိုး အလှူကို လှူဒါန်းခွင့်ရခဲ့တဲ့အတွက်လည်း အတိုင်းမသိ ၀မ်းသာဖြစ်မိတယ်။ နောက်ပိုင်းလည်း အမှန်တကယ်လိုနေတဲ့ နေရာတွေမှာ ဒီထက်မက အလှူတွေ လှူဒါန်းသွားဦးမှာပါ” လို့ သူကဆက်ပြောပါတယ်။

အဆိုတော် စိန်လင်းက အလှူငွေ ကျပ်သိန်း ၁၅၀၀ ၀န်းကျင် မ,တည်ပြီး We Love Sein Linn အဖွဲ့သားတွေ၊ မိတ်ဆွေတွေက ငွေကျပ်သိန်း ၅၀ ၀န်းကျင် ပါ၀င်လှူဒါန်းထားတဲ့ တစ်ထပ် ကျောင်းဆောင်သစ်လည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *