October 18, 2024

MT News

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် (၇)စျေးလမ်းမကြီး ရွှေစာရံဘုန်းကြီးကျောင်းအနီးမှာ သြဂုတ် ၈ ရက် နေ့လည် ၃ နာရီ မိနစ်ခွဲဝန်းကျင်က အငှားယာဥ်တစ်စီးကို လုယက်ယူဆောင်သွားတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေး အသင်းကနေ သိရပါတယ်။

အဆိုပါဖြစ်စဥ်မှာ ကားရော၊ ပါသမျှငွေသားကိုပါ လုယက်သွားတဲ့အပြင် အသက် (၆၀)ဝန်းကျင် အငှားယာဉ်မောင်းနှင်သူမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

“ယာဥ်ရယ်၊ ငွေသား တစ်သိန်းခွဲရယ် ပါသွားပြီး ယာဥ်မောင်းလည်း ပြတ်ရှသွေးထွက်ဒဏ်ရာတချို့ ရသွားတယ်။ မြေပြင်ကုသမှုပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမေးမြန်းဖို့အတွက် အောင်နိုင်သူလူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ စံပြဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။ ဆေးရုံက မှုခင်းရဲကပဲ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်ပေးနေပါတယ်” လို့ အဆိုပါ အသင်းတာဝန်ရှိသူက ဆိုပါတယ် ။

အငှားယာဥ်ဟာ လုယက်သူတွေဆီ ပါရှိသွားတာကြောင့် မိဘပြည်သူတွေအနေနဲ့ အဆိုပါယာဥ် HH-3290 YGN ကိုတွေ့ရှိပါက သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့နဲ့ သက်ဆိုင်ရာကို သတင်းပေးပို့ခြင်းဖြင့် ကူညီပေးနိုင်ပါရန်လည်း မေတ္တာရပ်ခံထားပါတယ်။

ပုံစာ။ လုယက်ခံရသောယာဥ်နှင့် ဒဏ်ရာရရှိခဲ့သောယာဥ်မောင်းမြင်ကွင်း(ဓာတ်ပုံ- သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့)

Leave a Reply

Your email address will not be published. Required fields are marked *