October 18, 2024

၉. ၈. ၂၀၂၃
Written By Thandar

သည်းထိတ်ရင်ဖို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးထားတဲ့ “ပန်းထောင်ချောက်” ဇာတ်လမ်းတွဲမှာ ကိုယ့်ရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ တခါမှ မလုပ်ဖူးသေးတဲ့ သရုပ်ဆောင်မှု ကာရိုက်တာကို ပရိသတ်မြင်ရမှာပါလို့ အကယ်ဒမီ မြတ်ကေသီအောင်ကပြောပါတယ်။

“ဒီကားက အမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ တစ်ခါမှ မလုပ်ဖူးသေးတဲ့ ကာရိုက်တာကို ပရိသတ်မြင်ရမှာပါ။ ဒီကားကို ပရိသတ်တွေလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ပုံစံလေးပါ။ အမအနေနဲ့ လုပ်ကွက်လေးလည်း ရတယ်။ ဒီကားမှာ ပါဝင်ကြတဲ့ ကလေးတွေလည်း ကြိုးစားထားကြပါတယ်။ ပရိသတ်တွေလည်း ထူးထူးခြားခြား ခံစားပြီး ကြည့်လို့ရမယ့် အနေအထားဖြစ်နေမယ်လို့ ထင်ပါတယ်” လို့ အကယ်ဒမီ မြတ်ကေသီအောင်က ပြောပါတယ်။

ဇာတ်လမ်း/ ဇာတ်ညွှန်း ကျော်ကျော်ထွန်း နဲ့ လင်းထက်အောင် တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ ပြည်သစ်နိုင်က ပုံမှန်ကြည့်နေကြဇာတ်လမ်းတွဲတွေနဲ့ မတူဘဲ ခွဲထွက်ပြီး သည်းထိတ်ရင်ဖို ပုံစံဇာတ်လမ်း ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတယ်လို့ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ရှင်မွေလ၊ မင်းဘုန်းမြတ် ၊ မာန်ဟိန်း ၊ သုတအောင် ၊ ဇွန်ဝေယံ၊ လပြည့် ၊ စောမင်း ယျာ ၊ အောင်လံ ၊ သက်ဦးကို ၊ ခိုင်သဇင်ငုဝါ ၊ ဟန်နီစုစံ ၊ မေမြတ်နိုးသွယ် စတဲ့အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ပန်းထောင်ချောက် ဇာတ်လမ်းတွဲမှာ နဂါးကြီးဆိုတဲ့ လူမိုက်တစ်ယောက်နေရာက သရုပ်ဆောင်ထားတယ်။ ကျွန်တော့် ကာရိုက်တာ ကို အကြမ်းဖျင်းပြောရရင် လူမိုက်တစ်ယောက်လို ပါဝင်ထားပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဒေါ်သီရိရှိန် အတူ ရည်မှန်းချက်တစ်ချက်ကို အကောင်အထည်ဖော်ကြတယ်။ ကျွန်တော်တို့ ရိုက်နေကျ ဒရာမာ ဇာတ်တွေနဲ့မတူ ကွဲထွက်လာတဲ့ ဇာတ်လမ်းလေးပါ”လို့ သရုပ်ဆောင် မာန်ဟိန်းက ပြောပါတယ်။

ပန်းထောင်ချောက် ဇာတ်လမ်းတွဲကိုတော့ လာမယ့် ဩဂုတ်လ ၁၉ ရက် ည ၈နာရီကစလို့ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ MRTV-4 ရုပ်သံလိုင်းက ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *