၉. ၈. ၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ညောင်ပေါကျေးရွာအနီး မိုင်တိုင်အမှတ်(၂၂/၁)မှာ ဒီနေ့ သြဂုတ် ၉ ရက် နံနက် ၇ နာရီ ၁၅ မိနစ် အချိန်ခန့်က ခရီးသည်တင် အဝေးပြေး Express ယာဥ်တစ်စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့တဲ့ သန္တိသုခ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်ဟာ မိုးရွာနေချိန် လမ်းချော်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဥ်ပေါ်မှာ ခရီးသည် မပါဘဲ ကုန်ပစ္စည်းတွေသာ တင်ဆောင်မောင်းနှင်လာတာလို့ သိရပါတယ်။
“ကားပေါ်မှာက ယာဥ်မောင်းနဲ့ စပါယ်ယာပဲ ပါတယ်။ ကုန်တွေတင်လာတဲ့ အိတ်စပတ်ပါ။ စလစ်ဖြစ်ပြီး မှောက်တာပါ။ ပါတဲ့ လူနှစ်ယောက်လုံး မထိခိုက်ပါဘူး” လို့ သန္တိသုခ လူမှုကူညီရေးအသင်းက MT News ကို ပြောပါတယ်။
ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာကို ပြင်ဦးလွင်မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ရတနာပုံမြို့သစ်မီးသတ်တပ်ဖွဲ့ဝင်တွေကပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။