October 18, 2024

၈.၈.၂၀၂၃
Written by Peya

မိုခါမုန်တိုင်းဒဏ် ဆိုးရွားစွာခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ယခုရေကြီးသည့်ဒဏ်ကို ကြုံတွေ့နေရပြီး ရေပိုတိုးလာသည့် အတွက် လူပေါင်းထောင်နှင့်ချီ ရေဘေးသင့်နေကြောင်း ရခိုင်ပြည်နယ်က ရေဘေးသင့်ဒေသများတွင် နေထိုင်သူများကို MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

လက်ရှိတွင် MT News သတင်းဌာနက သိရသည့် အချက်အလက်များအရ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့တွင် ရေကြီးသည့်ဒဏ်ကို ကြုံနေရသည့်အပြင် တောင်ကုတ်မြို့နယ်တွင်လည်း ရေစတက်လာကြောင်း စုံစမ်းသိရရှိရသည်။

“တစ်မြို့လုံး ရေဝင်နေတာ။ ကျွန်တော့်အိမ်ဆို အိမ်အောက်ထပ် မြုပ်သွားတယ်” ဟု မင်းပြားမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များအရ ကျောက်တော်မြို့နယ်တွင် ဩဂုတ်လ ၇ ရက်က ကစ္စပနဒီမြစ်ရေတိုးမှုကြောင့် မူးချောင်းကျေးရွာမှ အိမ်ထောင်စု (၅၅)စု၊ ကျောက်တလုံးကျေးရွာမှ အိမ်ခြေ (၁၅၀)၊ လူဦးရေ ကျား (၄၁၀) မ (၇၃၀)တို့ကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီး မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရွာဟောင်းမှ အိမ်ထောင်စု (၅)စု ၊ မြတန်ဆောင်း တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၂၂၃)စုကို ရေဘေးလွှတ်ရာ ပို့ထားကြောင်း သိရသည်။

ကစ္စပနဒီမြစ်ရေ မြင့်တက်လာသည့်အတွက် ကျောက်တော်မြို့နယ်တွင် ရေဘေးကြုံနေရခြင်းဖြစ်ကာ လေးမြို့မြစ်ရေ မြင့်တက်သည့်အတွက် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးဒဏ်ကို ကြုံနေရခြင်းဖြစ်ပြီး ဆက်သွယ်ရေးကို အနှောင့်အယှက်ဖြစ်သည့် ရေကြီးမှုမှာ ဩဂုတ်လ ၈ ရက်တွင် ရန်ကုန်-စစ်တွေကားလမ်း ကိုင်းတောကျေးရွာအုပ်စုအနီး ကားလမ်းပေါ် ရေငါးလက်မခန့် ကျော်နေပြီး နန်းကျားကျေးရွာအုပ်စု ဆီသည်ကျေးရွာအနီးတွင် ခြောက်လက်မခန့် ရေကျော်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရှိ စာရင်းများအရသိရကာ မော်တော်ယာဉ်များအနေဖြင့် သတင်းစုံစမ်းပြီးမှ သွားရန်၊ အရဲစွန့်ပြီး ရေကို မဖြတ်ရန်လည်း သတိပေးထားသည်။

“အခုတော့ အဲ့ဒီ (ရေကြီးတဲ့) ကိစ္စအတွက် အစည်းအဝေး လုပ်နေကြတယ်။ ဘာတွေကို ကူညီပေးမယ်ဆိုတဲ့ ကိစ္စပါ” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

လက်ရှိ ဩဂုတ် ၈ ရက်တွင် တောင်ကုတ်မြို့၌လည်း ရေဝင်ရောက်လာကြောင်း ဒေသခံများထံက သိရသည်။

“ရေကြီးတာခံရတာကတော့ ပြောရမယ်ဆို လူထောင်ချီအနေအထားရှိပါတယ်။ အရေအတွက် အတိအကျကတော့ ပြောဖို့ခဲယဉ်းတယ်။ ဘေးလွတ်ရာ ရှောင်ကြတယ်။ အမျိုးအဆွေတွေ အိမ်သွားကြတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးက ဆို သည်။

Leave a Reply

Your email address will not be published. Required fields are marked *