October 18, 2024

၈. ၈. ၂၀၂၃
Written by Nay Moe

NUG ဩဇာခံ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ပြည်သူတစ်ဦးကို ပစ်သတ်လိုက်ပြီး မှားယွင်းသတ်ဖြတ်မိကြောင်း တောင်းပန်စာထုတ်ပြန်ထားသည်။

လောင်းလုံး PDF ပစ်ခတ်သတ်ဖြတ်လိုက်သူမှာ ကိုမျိုးဇော်လတ်ဆိုသူဖြစ်ပြီး ထိုပစ်ခတ်သတ်ဖြတ်မှုအပေါ် လောင်းလုံး PDF က အကြောင်းပြချက်ပေးရာတွင် ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် လေကြောင်းရန်ကာကွယ်ရေးစခန်း (လားဘိုတောင်စခန်း) နှင့် စမ်းလှန်းတောင်ပေါ်ရှိ မိုင်တဲတာဝါတိုင်စခန်းအတွက် ရိက္ခာများဖြည့်တင်းရန် ထားဝယ်မြို့ပေါ် တက်ရောက်ဝယ်ယူနေကြောင်း သတင်းရရှိ၍ နေ့လယ် ၁၂ နာရီအချိန်တွင် ထားဝယ်-လောင်းလုံး လမ်းပိုင်းတစ်နေရာတွင် ရိက္ခာများဝယ်ယူလာသော ၎င်းကားအား ရပ်နားရန် လမ်းပိတ်တားဆီးသော်လည်း မရပ်နားဘဲ လမ်းပေါ်ပိတ်ထားသည့် PDF များကို ကားနှင့်တိုက်၍ မောင်းပြေးရာ PDF အချို့ ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

လောင်းလုံး PDF က ထိုကားအား လိုက်လံပစ်ခတ်ရာ အင်းဇောက်ကျေးရွာလမ်းဆုံအနီးရှိ ဘိလိယက်ခုံဆိုင်ရှေ့တွင် ကားဘီးပေါက်ထိုးရပ်၍ ယာဥ်မောင်းက ထွက်ပြေးစဥ် လောင်းလုံး PDF က ပစ်ခတ်ရာ တစ်ဦးကျည်ထိမှန်သေဆုံးခဲ့ပြီး ထိုသေဆုံးသူမှာ သာမန်ပြည်သူ ကိုမျိုးဇော်လတ်ဖြစ်နေ၍ ဝမ်းနည်းပါကြောင်းနှင့် တာဝန်ယူမည်ဖြစ်ကြောင်း လောင်းလုံး PDF က ပြောသည်။

ဒေသတွင်းသတင်းများအရ တပ်ရိက္ခာတင်လာသည့်ကားဟု စွပ်စွဲကာ လောင်းလုံး PDF များ လိုက်လံပစ်ခတ်သည့် ကားမှာလည်း သာမန်ပြည်သူပိုင်ကားသာဖြစ်ပြီး ထိုလမ်းပိုင်းတွင် လက်နက်ကိုင်လုယက်သတ်ဖြတ်မှုများပြုလုပ်နေ၍ PDF များတားဆီးသည်ကို ကားရပ်မပေးဘဲ မောင်းပြေးရာမှ လောင်းလုံး PDF များက လိုက်လံပစ်ခတ်ခြင်းဖြစ်ကြောင်းနှင့် ထိုပစ်ခတ်မှုတွင် အပြစ်မဲ့ပြည်သူ ကိုမျိုးဇော်လတ် ပစ်ခတ်သတ်ဖြတ်ခြင်းခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *