October 18, 2024

၈. ၈. ၂၀၂၃
Written by Nay Aung

အိန္ဒိယအစိုးရအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကို လုပ်ငန်းလည်ပတ်ဆောင်ရွက်နေပြီး ယခုနှစ်အတွင်းကမ်းရိုး တန်းသင်္ဘော Coastal Shipping သွားလာရေးအတွက် သဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်နေကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီး S Jaishankar က ထုတ်ဖော်ပြောဆိုလိုက်သည်။

သဘောတူညီစာချုပ်လက်မှတ်ရေးပြီးချိန်မှသာ အိန္ဒိယနှင့် မြန်မာနိုင်ငံကြား သင်္ဘောလမ်းကြောင်းများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးက ပြောသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအခြေအနေများကြောင့် ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံအမြန်လမ်းတည်ဆောက်ရေး စီမံကိန်းပြီးစီးရန် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပြီး လုပ်ငန်းများ အဆုံးသတ်နိုင်ရန် ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး S Jaishankar က ပြောသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးသည် သြဂုတ် ၇ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုဖြေဆိုချိန်တွင် မြန်မာနိုင်ငံနှင့်ချိတ်ဆက်ဆောင်ရွက်နေသည့် စီမံကိန်းများအကြောင်းကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “မြန်မာနယ်စပ်အခြေတွေက စိန်ခေါ်မှုတွေဖြစ်နေတယ်။ မြန်မာအပါအဝင် သုံးနိုင်ငံချိတ်ဆက်မယ့် အမြန်လမ်းတည် ဆောက်ရေးစီမံကိန်းက မြန်မာနိုင်ငံရဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေများကြောင့် ကြီးမားတဲ့စိန်ခေါ်မှုတွေ ဖြစ်စေခဲ့တယ်။ ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်အောင် မြန်မာအာဏာပိုင်တွေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားရမယ်” ဟုပြောသည်။

သုံးနိုင်ငံအမြန်လမ်းစီမံကိန်းပြီးဆုံးမည်ဆိုလျှင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ပြည်သူများ အကျိုးကျေးဇူးများစွာဖြစ်စေမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက ပြောသည်။

အိန္ဒိယအစိုးရ၏အရှေ့မျှော်မူဝါဒ(Act East Policy) အရ မြန်မာနိုင်ငံနှင့် ချိတ်ဆက်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံ Sairang ဒေသမှ မီဇိုရမ်ပြည်နယ် Hbichhuah ဒေသအထိ အရှည် ၂၂၃ ကီလိုမီတာရှိသော မီးရထားလမ်းဖောက်လုပ်ရန်အတွက် Final Location Survey (FLS) လုပ်ဆောင်ရန် ခွင့်ပြုချက်ပေးထားကြောင်း အိန္ဒိယမီးရထားဘုတ်အဖွဲ့က ပြောသည်။

အဆိုပါ မီးရထားစီမံကိန်း အပြီးသတ်တည်ဆောက်နိုင်မည်ဆိုလျှင် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကို ဖြတ်သန်းပြီး အိန္ဒိယအရှေ့မြောက်ဘက်သို ကုန်စည်များ ပို့ဆောင်ရာတွင် အချိန်နှင့် ကုန်ကျစရိတ်များစွာ လျော့နည်းသက်သာသွားဖွယ်ရှိနေကြောင်း သိရသည်။ အိန္ဒိယ-မြန်မာ-ထိုင်းနိုင်ငံကြား ချိတ်ဆက်မည့် သုံးနိုင်ငံ အမြန်လမ်းတည်ဆောက်ရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံနယ်စပ်မြို့ မိုးရေးမှ ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်တို့အကြား သွယ်တန်းမည့်အဝေးပြေးလမ်းမဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံတွင်ဖောက်လုပ်မည့် သုံးနိုင်ငံအမြန်လမ်းစီမံကိန်းကို လမ်းပိုင်းနှစ်ခုဖြင့် ဆောက်လုပ်ပေးမည်ဖြစ်ပြီး အလျား ကီလိုမီတာ ၁၂၀ ရှိသော ကလေးဝ-ယောကြီးလမ်းပိုင်းကို အဝေးပြေးလမ်းမကြီးအဆင့် ရောက်ရှိရန် အဆင့်မြှင့်တင်ပေးမည့် စီမံကိန်းအပြင် အလျား ၁၂၀ ကီလိုမီတာရှိသော တမူး-ကျီးကုန်း-ကလေးဝ လမ်းပိုင်းစီမံကိန်းနှင့်အတူ လမ်းပိုင်းထဲတွင် ပါဝင်သောတံတား ၆၉ စင်းနှင့်အတူ တံတားချဉ်းကပ်လမ်းများကိုလည်း အဆင့်မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါသုံးနိုင်ငံ အမြန်လမ်းတည်ဆောက်ရေး စီမံကိန်းက ၇၀ ရာခိုင်နှုန်းကျော်သာ ပြီးစီးသေးပြီး အပြီးသတ်တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံ၏လုံခြုံရေးအခြေနေများကို စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။ အိန္ဒိယအစိုးရသည် အဆိုပါသုံးနိုင်ငံချိတ်ဆက်မည့် အမြန်လမ်းစီမံကိန်းကို၂၀၁၉ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် အစောပိုင်းက မျှော်လင့်ထားခဲ့ကြောင်း သိရသည်။

Ref- — economictimes

Leave a Reply

Your email address will not be published. Required fields are marked *