October 18, 2024

၈. ၈. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေသည် စိန်ခေါ်မှုများပြည့်နေသော်လည်း ပါဝင်နေသောအဖွဲ့အစည်းအားလုံး နိုင်ငံ ရေး ဆန္ဒများရှိမည်ဆိုလျှင် အခက်အခဲပြဿနာများကို မကြာမီဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေသော အင်ဒိုနီးရှားသမ္မတသည် သြဂုတ် ၈ ရက်က ဂျာကာတာမြို့တောင်ပိုင်းရှိ အာဆီယံအတွင်းရေးမှူးရုံးတွင်ကျင်းပသော ၅၆ ကြိမ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အခမ်းနားတွင် မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားအခြေစိုက်သတင်းဌာနက ဖော်ပြထားသည်။

အင်ဒိုနီးရှားသမ္မတက ” မြန်မာနိုင်ငံရဲ့ အခက်အခဲပြဿနာတွေကို မကြာမီဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားတယ်။ နိုင်ငံရေးအခက်အခဲတွေကြောင့် မြန်မာပြည်သူတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ရတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေအတွက် စိုးရိမ်ရတယ်” ဟု ပြောသည်။

ထို့အပြင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းများအားလုံးသည် အခက်ခဲပြဿနာကို ဖြေရှင်းရန် ဆန္ဒရှိခြင်း၊ စုစည်းညီညွှတ်မှုရှိခြင်းများ ရှိမည်ဆိုလျှင် မြန်မာ့နိုင်ငံရေး၏ လက်ရှိအခြေအနေများကိုဖြေရှင်းနိုင်ရန် လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘူးဆိုပါက မြန်မာ့နိုင်ငံရေးအခြေအနေများကိုဖြေရှင်းနိုင်ရန် အခက်အခဲများ ဆက်လက်ဖြစ်ဖွယ်ရှိနေကြောင်း ပြောသည်။

သမ္မတ ဝီဒိုဒိုက “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေက စိန်ခေါ်မှုတွေပြည့်နေတာကို သတိထားမိပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးအခြေနေများကို ကူညီဖြေရှင်းပေးနိုင်ဖို့ အာဆီယံသဘောတူညီမှုငါးချက်ကို အကောင်ထည်ဖော် ရေးသတ်မှတ်ထားပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးဟာ နိုင်ငံရေးဆန္ဒရှိမယ်ဆိုရင် မြန်မာ့နိုင်ငံရေးအခြေနေများကို ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အကြမ်း ဖက်မှုများ တိုးလာနေကြောင်း သိရသည်။ အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးနောက် မြန်မာ့နိုင်ငံရေးအခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် နစကအပါအဝင် နိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းများနှင့် “Quiet Diplomacy” ပုံစံမျိုး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref- — news.detik

Leave a Reply

Your email address will not be published. Required fields are marked *