October 18, 2024

၈.၈.၂၀၂၃
Written by Peya

အရှေ့တောင်အာရှဒေသအတွင်း မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ အသုံးပြုနေသည်ဟု ဆိုရမည့် မီးပုံးပျံဖြင့် မျိုးစေ့ကြဲချသည့်နည်းလမ်းကို တီထွင်ကာ ပြင်ဦးလွင်တွင် ဆောင်ရွက်နေကြောင်း အဆိုပါနည်းလမ်းကို အသုံးပြုကာ မျိုးစေ့ကြဲချခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် Green Challenge Assortation မှ ဥက္ကဋ္ဌ ကိုအောင်မျိုးပိုင်က MT News သတင်းဌာနသို့ ပြောသည်။

မျိုးစေ့များကို ချိတ်ဆွဲထည့်သွင်းကာ သတ်မှတ်အမြင့်ပေရောက်လျှင် မီးပုံးပျံဖြတ်သန်းသွားရာနေရာတစ်လျှောက် အလိုလျှောက် ကြဲချသွားစေရန်အတွက် စီမံထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် သုံးကြိမ် အထက်ပါနည်းလမ်းအတိုင်း ပုံမှန်ကြဲချသွားရန် စီစဉ်ထားခြင်းဖြစ်ကာ လိုက်ပါလာသူများကလည်း လေးခွဖြင့် သစ်စေ့ပါ မြေလုံးများကို ပစ်ခြင်းတို့ကိုလည်း ဆောင် ရွက်ကြကြောင်း သိရသည်။

“လာမယ့်နှစ် ပြန်စပါမယ်။ မိုးမကျခင် ကြဲလိုက်တော့ မိုးကြတဲ့အချိန် အမြစ်စွဲမှ အဆင်ပြေတာ။ မိုးနှောင်းမှာ ကြဲရင် Seed ball (သစ်စေ့ပါ မြေလုံး) က ရှင်ဖို့မလွယ်လို့ပါ။ မေလ တစ်လုံး၊ ဇွန်လ တစ်လုံး၊ ဇူလိုင်လ တစ်လုံး ပုံမှန် သုံးကြိမ်လွှတ်ပါတယ်” ဟု ကိုအောင်မျိုးပိုင်က ဆိုသည်။

Seed Ball ကြဲခြင်းကို တပ်မတော်လေယာဉ်ဖြင့် ကြဲခြင်း၊ လေးခွဖြင့် ပစ်ခြင်းတို့ကို တွေ့ရသည့်အတွက် လူမရောက်သော တောင်ပေါ်ချိုင့်ဝှမ်းဒေသများသို့ မီးပုံးပျံဖြင့်ကြဲလျှင် အဆင်ပြေမည်ဟု တွေးမိကာ ၂၀၁၉ ခုနှစ်မှ စတင်ကာ ၂၀၂၀ တွင် မီးပုံးပျံသုံးလုံး လွှတ်နိုင်ကာ ကြားနှစ်နှစ် သစ်ပင်စိုက်ချိန်တွင် မီးပုံးပျံ မပါခဲ့ဘဲ ယခုနှစ်တွင်မှ မီးပုံးပျံကို နှစ်ကြိမ် ပြန်လွှတ်ခြင်းဖြစ်ကာ လာမည့်နှစ်တွင် သုံးလုံးပြည့်လွှတ်နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းကဆိုကာ ၂၀၂၀ ပြည့်နှစ်က လူစီးပါရာမိုတာဖြင့် ကြဲချခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“မီးပုံးပျံ မီးစာက တစ်လက်မကို တစ်မိနစ်နှုန်း လောင်သွားတာပေါ့။ မီးစာလောင်သွားရင် Seedball လေးတွေက ကြိုးလေးတွေ တပ်ထားတာ။ မီးဇာမှာ ချည်ထားတော့ မီးဇာမီးလောင်ရင် ကြိုးပြတ်ပြီး ကျသွားတာ။ တချို့ကတော့ လေထီးလည်း ထည့်ထားတယ်။ အလုံးရေ ၁၀၀ နဲ့ ၂၀၀ ကြား ထည့်တယ်။ အစေ့လွတ်ကိုကျတော့ စက္ကူခွက်တို ပလက်စတစ်ခွက်ကလေးတွေနဲ့ ထည့်သွားတာ။ အပေါ်ရောက်ရင် ခွက်ရဲ့ ကြိုးနှစ်စမှာ တစ်စကို မီးစာက ဖြတ်ချသွားတော့ ခွက်က သွန်ချပေးသွားတာပေါ့။ အမြင့်ပေ ပေ ၃၀၀ လောက်ဆို မျိုးစေ့တွေ ကျပါပြီ” ဟု ကိုအောင်မျိုးပိုင်က ဆိုသည်။

ထိုသို့ဆောင်ရွက်ရန်အတွက် ညမီးကြီး အမျိုးအစား မီးပုံးပျံကို နမူနာယူထားခြင်းဖြစ်ကာ ညမီးကြီး မီးပုံပျံက မီးရှုးမီးပန်းများလွှတ်ကာ ယခုလွှတ်သည့်မီးပုံးပျံက မျိုးစေ့များကို ကြဲချလွှတ်ခြင်းဖြစ်ပြီး မီးပန်းလွှတ်သည့် စင်နေရာတွင် မျိုးစေ့ကြဲသည့်စင်က နေရာယူထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *