October 18, 2024

၈.၈.၂၀၂၃
Written By Thandar

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ “INTERNATIONAL FILM FESTIVAL & AWARDS 2023 “ ရုပ်ရှင်ပွဲတော် ဆန်ခါတင်စာရင်းမှာ “ကျိန်စာသင့် နတ်သုဒ္ဓါ” ဇာတ်ကား မပါဝင်ခဲ့ဘူးလို့ အဖြစ်မှန်ပေါ် ထွက်လာပြီးနောက်မှာ မင်းသမီးခိုင်နှင်းဝေက အဆိုပါ ဇာတ်ကားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာစတီးလ်နဲ့ လက်တွဲဖြုတ်မယ်လို့ ဆိုပါတယ်။

သြဂုတ် ၂ ရက်ကနေ ဩဂုတ် ၇ ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ “ASEAN INTERNATIONAL FILM FESTIVAL & AWARDS 2023 “ ရုပ်ရှင်ပွဲတော်မှာ Iron Steel Film Production က ရိုက်ကူးတဲ့ “ကျိန်စာသင့်နတ်သုဒ္ဓါ” ဇာတ်ကား ဆန်ခါတင်စာရင်း (၁၀) ကားမှာ ရွေးခံရထားတဲ့အတွက် ပါဝင်တဲ့ သရုပ်ဆောင်တွေဟာ ပြည်ပကို ဩဂုတ် ၁ ရက်မှာ မြန်မာ နိုင်ငံက စတင်ထွက်ခွာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါဇာတ်ကားအတွက် ဇူလိုင် ၂၂ ရက်နေ့က ထုတ်ပြန်ချက် ဆန်ခါတင် ၂၃ ကားမှာ ကျိန်စာသင့် နတ်သုဒ္ဓါ ဇာတ်ကား မပါဝင်ခဲ့ဘူးလို့လည်း သိရပါတယ်။

“ပရိသတ်ကို အမှန်အတိုင်းချပြချင်တယ်။ ဒီလိုပွဲတက်ခွင့်ရတာတောင် ကံကောင်း။ လူတိုင်းတောင် တက်ခွင့်ရတာ မဟုတ်ဘူး။ ရင်ဝကို ဆောင့်ကန်လိုက်တဲ့ စကားတစ်ခွန်းကြောင့် ကိုယ့်စကား ကိုယ်တာဝန်ယူပြီးတော့ မေးလာမယ့် မေးခွန်းကို ပြန်ဖြေရှင်းပေးတာပါ။ ကိုယ့်ယုံကြည်ပြီး အလွဲသုံးစားလုပ်တယ်။ ကိုယ် အရမ်းယုံကြည်လေးစားရတဲ့သူရဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ခဲ့တာကြောင့် နောက်ထပ်ကမ်း လှမ်းထားတဲ့ ဇာတ်ကားတွေနဲ့အတူ သူနဲ့တွဲပြီး ဘာလုပ်ငန်းတစ်ခုကိုမှ မလုပ်တော့ပါဘူး။ အထင်အမြင်သေးသွားတာနဲ့ အစ်မကို ပြောလိုက်တဲ့အတွက် သူနဲ့လက်တွဲပြီး ဘာတစ်ခုမှ ရှေ့ဆက်လုပ်ဖို့မရှိပါဘူး။ လက်တွဲဖြုတ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပြောရပါတယ်” လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပရိသတ်သိအောင် ပြောပါတယ်။

ခိုင်နှင်းဝေဟာ ဆုမရဘဲ ရတယ်လို့ လူတွေရဲ့ စိတ်ဝင်စားမှုခံချင်လို အင်တာဗျူးဖြေဆိုခြင်းအပြင် ကျိန်စာသင့်နတ်သုဒ္ဓါကားကြီး ဆန်ခါတင်စာရင်းမပါဘဲ ပါတယ်ဆိုပြီး ပူးပေါင်းပြီး ဖြေတယ်လို့ထင်မှာ စိုးရမ်မိတယ်လို့ ဆိုပါတယ်။ သူမက ရုပ်ရှင်မင်းသမီးအနေနဲ့ ဒီကိစ္စတွေ သိပ်ဂရုမစိုက်ပေမဲ့လည်း Image တစ်ခုအနေနဲ့ ကလေးအားလုံးရဲ့ မိခင်ဖြစ်သလို ပရဟိတလုပ်ဆောင်နေသူအတွက် မှန်မှန်ကန်ကန်ပဲနေချင်တယ်လို့ ပြောပါတယ်။ အဆိုပါဇာတ်ကားအတွက် ပူးပေါင်း ကြံစည်တာလည်း မဟုတ်သလို ဆန်ခါတင်စာရင်း ပါ မပါကို တကယ်လည်း မသိဘူးလို့ ဆိုပါတယ်။ ဒီဇာတ်ကား ဆန်ခါ တင်စာရင်းမှာ မပါဘဲပါတယ်ဆိုပြီး လိမ်ခေါ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်တယ်လို့ ခိုင်နှင်းဝေက ပြောလာပါတယ်။

“သူ့ဘာသာ ရှင်းတာ သူ့ဘာသာရှင်းပါလိမ့်မယ်။ ကျွန်တော့်ဘက်က ဘာမှရှင်းစရာမလိုပါဘူး။ ဘာမှရှင်းပြနေစရာ အကြောင်းလည်း မရှိဘူး။ ကျွန်တော် မှန်ကန်ကန်လုပ်လာတဲ့ဟာ သူ့ဘာသာသူ အမှန်တရားဟာ ပေါ်လာပါလိမ့်မယ်။ ကျွန်တော်တစ်ယောက်ထဲ သွားတာလည်း မဟုတ်ဘူး။ သူ့တစ်ယောက်ထဲ သွားတာလည်း မဟုတ်ဘူး။ လူ ၈ ယောက်ရဲ့ အားလုံးရဲ့ အမှန်တရားက ဘာလဲဆိုတာ သိကြတယ်။ နိုင်ငံတစ်ခုကို သွားဖို့က လွယ်လွယ်ကူကူ ခေါ်လို့မရသလို လွယ်လွယ်ကူကူလည်း ခေါ်ကြမှာ မဟုတ်ဘူး။ ဟိုကခေါ်တဲ့သူတွေကလည်း ရပ်ကွက်ထဲက လူတွေမဟုတ်ဘူး။ International က Organizer တွေ အဖြေတစ်ခုရဲ့ အမှန်တရားက တစ်နေ့ပေါ် လိမ့်မယ်။ ခုလိုက်ပြီး ရှင်းစရာမရှိပါဘူး။ ကျွန်တော် ဘယ်သူကိုမှလည်း မမုန်းဘူး။ ကျွန်တော်ဘက်မှာ ဘာမှမရှိပါဘူး။ အမှန်တရားက တစ်သက်လုံးတိမ်မြုပ်သွားတာ မဟုတ်ပါဘူး”လို့ ဒါရိုက်တာ စတီးလ်က MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *