October 18, 2024

ရေချိုးခန်းမှားဝင်မိသည့်ကိစ္စအပေါ် ကင်းထောက်ပွဲတော် ကော်မတီ၏ ဆုံးဖြတ်ချက်အား တောင်ကိုရီးယားကင်းထောက်လူငယ်တစ်ဦး မကျေမနပ် ဆန္ဒပြပြောကြားနေစဉ်

၈.၈.၂၀၂၃
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံမှာ ဩဂုတ်လ ၁ ရက်ကနေ ၁၂ ရက်အထိ ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်လူငယ်ပွဲတော်မှာ ပါဝင်ဆင်နွှဲနေတဲ့ ထိုင်းကင်းထောက်လူငယ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူဟာ အမျိုးသမီးတွေအတွက် ရေချိုးခန်းကို ဩဂုတ်လ ၂ ရက်မှာ မှားယွင်းသုံးစွဲမိခဲ့ရာက ထိုင်းအစိုးရအဖွဲ့အနေနဲ့ အဲဒီဖြစ်ရပ်အတွက် တောင်ကိုရီးယားကို ဩဂုတ်လ ၇ ရက်မှာ တောင်းပန်စာပို့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းကင်းထောက်လူငယ်အဖွဲ့အတွင်းရေးမှူးချုပ် ဆူသင်ကော်ဖါနာက ထိုင်းကင်းထောက်လူငယ်အဖွဲ့ရဲ့ခေါင်းဆောင်ဟာ တမင်သက်သက်မဟုတ်ဘဲ အမျိုးသမီးရေချိုးခန်းမှာ မှားယွင်းဝင်ရောက်အသုံးပြုနေမိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဆူသင်က ထိုသူဟာ အမျိုးသမီးများအတွက်သာလို့ သတ်မှတ်ထားတဲ့ဆိုင်းဘုတ်ကို သတိမပြုမမြင်မိဘဲ ခုလိုဖြစ်ခဲ့ရတာလို့ပြောခဲ့ပြီး သူဟာ ရေချိုးနေချိန် သီချင်းပါဆိုနေခဲ့သေးတယ်လို့ ဆိုခဲ့ပါတယ်။

တောင်ကိုရီးယားကင်းထောက်အဖွဲ့ခေါင်းဆောင်တစ်ဦးက အမျိုးသမီးရေချိုးခန်းထဲမှာ အမျိုးသားတစ်ဦး သီချင်းဆိုနေသံကြားမိရာက လုံခြုံရေးကိုအကြောင်းကြား စုံစမ်းစစ်ဆေးခဲ့တာလို့လည်း သိရပါတယ်။ အဆိုပါ ထိုင်းကင်းထောက်လူငယ်အဖွဲ့ရဲ့ခေါင်းဆောင်ကို ပွဲတော်တာဝန်ရှိသူတွေက မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ အမျိုးသမီးရေချိုးခန်းမှန်းမသိလို့ မတော် တဆ ဝင်ရောက်မိတာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ပွဲတော်ကျင်းပရေးကော်မတီက သူ့အနေနဲ့ တစ်စုံတစ်ရာစော်ကားလိုစိတ်မရှိဘဲ နားလည်မှုမရှိခြင်းကြောင့်သာ ဖြစ်ရတာလို့ဆုံးဖြတ်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူမှုမပြုခဲ့ဘဲ သာမန်သတိပေးမှုသာ ပြုခဲ့ပါတယ်။

အဆိုပါဆုံးဖြတ်ချက်အပေါ် မကျေနပ်ကြတဲ့ကိုရီးယားကင်းထောာက်လူငယ်အဖွဲ့ခေါင်းဆောင်တစ်ဦးကတော့ ရဲစခန်းကို ဆက်လက်တိုင်ကြားခဲ့ပြီး ကိုရီးယားကင်းထောက်လူငယ် ၈၀ က ဆန္ဒပြမှုပြုလုပ်ကာ ကင်းထောက်ပွဲတော်စခန်းချရာနေရာက ဩဂုတ်လ ၆ ရက်မှာ ထွက်ခွာသွားကြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ သူတို့က ပွဲတော်ကျင်းပရေးကော်မတီအနေနဲ့ လိင်ပိုင်းဆိုင်ရာရာဇဝတ်မှုမြောက်တဲ့ ဒီလုပ်ရပ်ကို မှားယွင်းညံ့ဖျင်းစွာကိုင်တွယ်ခြင်းလို့ ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကလည်း ထိုင်းကင်းထောက်လူငယ်အဖွဲ့ခေါင်းဆောင်ကို စစ်ဆေးမှုပြုခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကောင်းစွာဆက်ဆံပြုမူခြင်းခံရကြောင်း ထိုင်းသံရုံးတာဝန်ရှိသူတွေက အာမခံပြောကြားခဲ့ပါတယ်။ အဆိုပါ ၂၅ ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်ပွဲတော်ကို ထိုင်းနိုင်ငံက အင်အား ၁၉၆ ယောက်ရှိတဲ့ ကင်းထောက်လူငယ်အဖွဲ့ ပါဝင်တက်ရောက်နေပါတယ်။

ထိုင်းပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အက်တာဖုန် ဆန်ခဝါဆီက အဆိုပါဖြစ်ရပ်အတွက် ထိုင်းပညာရေးဝန်ကြီးက တောင်ကိုရီးယားအစိုးရထံတောင်းပန်စာ ပေးပို့ခဲ့တယ်လို့ ဩဂုတ်လ ၇ ရက်မှာ ပြောခဲ့ပါတယ်။ သူက ကင်းထောက်ပွဲတော်စခန်းမှ အဆိုပါထိုင်းကင်းထောက်အဖွဲ့ခေါင်းဆောင်ကို ပြန်လည်ခေါ်ယူပြီး အခြားတစ်ဦး အစားထိုးရေးအတွက် ဆိုးလ်မြို့ရှိ ထိုင်းသံရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ယူဆောင်ရွက်မယ့်သူတွေကို ဝန်ကြီးဌာနက စေလွှတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

REF—– KOREA HERALD, KHAOSOD

Leave a Reply

Your email address will not be published. Required fields are marked *