၈.၈.၂၀၂၃
Written by Ye Kyaw
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနေကဇာတင်မင်္ဂလာအခမ်းအနား ကျင်းပပြီးဖြစ်၍ ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစ၍ ဩဂုတ် ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၏ သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ အသိပေးကြေညာထားပြီး စတင်ဖူးမြော်ခွင့်ပေးသည့် ယနေ့တွင် လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိသည်။
ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာကျင်းပခဲ့သည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိပြီး ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန်နှင့် ရုပ်ပွားတော်မြတ်ကြီးအား စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရန် ဂန္ဓကုဋီတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါအဓိပတိ သာသနာ့ဗိမာန်တော်ကြီးနှင့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာနာယူကြည်ညိုနိုင်ရေး စကျင်ကျောက်ချက်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာရုံစေတီ ၇၂၀ ကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။
ထိုသို့တည်ဆောက်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်မှစ၍ ဩဂုတ်လ ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ဩဂုတ် ၁၇ ရက်မှစတင်ကာ သင့်တော်သည့်ဝင်ကြေးကောက်ခံမည်ဖြစ်သည်။