၈.၈.၂၀၂၃.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်နေရာအတွက် ပူးတွဲမဲပေးရွေးချယ်ပွဲတွင် ၎င်း၏ပါတီမှအဆိုပြုမည့် ဝန်ကြီးချုပ်လောင်းအတွက် ထောက်ခံမဲရရှိစေရေး စည်းရုံးလှုပ်ရှားနေသော ဖျူထိုင်းပါတီက သြဂုတ်လ ၇ ရက် ညနေပိုင်းတွင်မူ အောက်လွှတ်တော်၌ အမတ်နေရာ ၇၁ နေရာ အနိုင်ရရှိထားသော Bhumjaithai ပါတီနှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရသစ်တစ်ရပ် ဖွဲ့စည်းသွားရန် သဘောတူညီခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
သြဂုတ်လ ၇ ရက်တွင် ဖျူထိုင်းပါတီဌာနချုပ်၌ ကျင်းပခဲ့သော ပါတီခေါင်းဆောင်များအစည်းအဝေးအပြီးတွင် ဖျူထိုင်းပါတီခေါင်းဆောင် ချိုလ်နန် ဆရီကောက ပြည်သူတို့၏ ပြဿနာများကိုဖြေရှင်းရန်နှင့် နိုင်ငံအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆိုင်သော အကျပ်အတည်းအခြေအနေများကို ဖြေရှင်းရန်အတွက် Bhumjaithai ပါတီက ဤသို့သဘောတူခဲ့ခြင်းကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
၎င်းက နှစ်ပါတီပေါင်းလျှင် အောက်လွှတ်တော်၌ အမတ်နေရာ ၂၁၂ နေရာ ရှိလာမည့်အင်အားက အစိုးရသစ်ဖွဲ့စည်းရေးအတွက် အခြေခံအင်အားစုဖြစ်ကြောင်း၊ ပိုမို၍တိုးတက်လာပြီး အောက်လွှတ်တော်၌ အများစုဖြစ်လာရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ မဲအင်အားအနည်းစုဖြင့်သာ အစိုးရဖွဲ့စည်းနိုင်မည့်အခြေအနေအတွက် စိုးရိမ်ရန်မလိုတော့ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ဤကဲ့သို့သော နိုင်ငံရေးအကျပ်အတည်းအခြေအနေမှ လွတ်မြောက်ရန် ဖျူထိုင်းပါတီမှ အဆိုပြုထားသည့် ဝန်ကြီးချုပ်လောင်းအား လာမည့်ပူးတွဲမဲပေးရွေးချယ်ပွဲတွင် ထောက်ခံမဲပေးကြရန်လည်း ပြောကြားခဲ့သည်။ ဖျူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် အိမ်ခြံမြေလုပ်ငန်းရှင်ဟောင်းကြီးတစ်ဦးဖြစ်သော ဆရက်သာ သာဗီဆင်ကို သြဂုတ်လ ၂ ရက်က ကြေညာခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ချိုလ်နန်က အစိုးရအဖွဲ့သစ်ဖွဲ့နိုင်ရေး အသစ်ဖွဲ့စည်းသည့် ညွန့်ပေါင်းအဖွဲ့တွင် ပီတာ၏ MFP ပါတီ ပါဝင်မည်မဟုတ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်။ ၎င်းက MFP အနေဖြင့် မဲအများဆုံးရခဲ့သော်လည်း ဖျူထိုင်းနှင့် Bhumjaithai ပါတီ ပူးပေါင်းအင်အား ၂၁၂ မဲက ပြည်သူတို့၏အသံများကို ကိုယ်စားပြုကြောင်း၊ မိမိတို့နှစ်ပါတီက အစိုးရသစ်ဖွဲ့စည်းရေးအတွက် နိုင်ငံတစ်ဝန်းမှ ပြည်သူတို့၏ထောက်ခံမှုများရနေကြောင်းလည်း ပြောကြားသွားခဲ့သည်။
၎င်းက ပူးပေါင်းဖွဲ့စည်းမည့် အစိုးရသစ်၏ အဓိကရည်ရွယ်ချက်များကို ထုတ်ဖော်ပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးလည်းပါဝင်ကြောင်း သိရသည်။
ဖျူထိုင်း ဒုတိယခေါင်းဆောင် အနျူတင်ကလည်း ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ရန်အလားအလာရှိနေသည့် အခြားပါတီများလည်းရှိသေးရာ ၎င်းတို့ညွန့်ပေါင်းအဖွဲ့သစ်က အောက်လွှတ်တော်၏အမတ် ထက်ဝက်အင်အားကို ကျော်လွန်နိုင်မည်ဟုပြောခဲ့သည်။ သို့သော် မည်သည့်ပါတီများဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
Ref-Bangkok Post