October 18, 2024

၇. ၈. ၂၀၂၃
Written by Peya

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၆ ခု ခန့်တွင် ရေကြီးရေလျှံမှုများ စတင် ဖြစ်ပွားနေပြီး မိုးများနေသောကြောင့် ရေထပ်မံ တက်လာမည့် အခြေအနေရှိကြောင်း ရခိုင်ပြည်နယ်တွင် နေထိုင်သော ဒေသခံများထံက သတင်းရရှိသည်။

MT News သတင်းဌာန က မေးမြန်းထားချက်အရ သိရသည့် အခြေအနေမှာ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ် နေခြင်းဖြစ်ကာ လေးမြို့မြစ်ရေ ရေတက်သည့်အတွက် မြစ်ကမ်းပါး တစ်လျှောက်က နေရာများတွင် ရေကြီးသည့်ဒဏ်ကို ပိုခံနေရကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-07_16-32-30-1024x768.jpg

“မြောက်ဦးမှာတော့ မြို့ပေါ်တော့ မဟုတ်သေးဘူး။ ဒါပေမယ့် မြေနိမ့်တဲ့ နေရာတွေမှာတော့ ရေဝင်တယ်။ နယ်ဘက်တွေမှာ တစ်ရွာလုံး နီးပါး ရေလွှမ်းနေတာ ရှိပါတယ်။ လောလော ဆယ်တော့ ဒီဘက်ရွာတွေက ဘုန်းကြီးကျောင်းတို့ မြင့်တဲ့နေရာတွေ ပြောင်းနေတာ ရှိတယ်။ မြို့ပေါ်လာပြီး ရှောင်တာမျိုးတော့ မရှိသေးဘူး။ ရေက ပြောရမယ်ဆို ထပ်ပြီးတော့ တက်နိုင်ခြေရှိတယ်။ မိုးက အဆက်မပြတ်ရွာနေတယ်။ မိုးများတာက ၁၀ ရက်လောက်ရှိပြီ။ ရေစတက်တာတော့ ၂ ရက် ၃ ရက်လောက် ရှိပါပြီ” ဟု မြောက်ဦးမြို့ခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုဖြစ်ပွားရာ မြောက်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လက်ကောက်ဈေးရပ်ကွက်ရှိ အိမ်ထောင်စု (၂၄၆)စု၊ ကျား(၅၉၆)ဦး၊ မ(၆၁၃)ဦး၊ စုစုပေါင်း(၁၂၀၉)ဦးတို့အား ရေဘေးလွတ်သည့် နီးစပ်ရာဆွေမျိုးများ နေအိမ်များသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း ယနေ့ ဩဂုတ်လ ၇ ရက်တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is photo_2023-08-07_16-32-34-768x1024.jpg

“ဒေသခံတွေကတော့ ဟိုတစ်ခါ ဖြစ်ခဲ့သလို ဒီနှစ်လည်း ရေတော်တော်ကြီးမယ်လို့ ခန့်မှန်းထားတာမျိုးတွေ ရှိနေတယ်။ ကျောက်တော်မှာဆိုရင်လည်း ရေကြီးလို့ ပြောင်းရွှေ့ရတာမျိုးတွေ ရှိတယ်။ ကုလားတန်မြစ် အထက်ပိုင်းမှာလည်း ရေများတယ်။ ပြီးရင် ရေက ဆင်းလာမှာဆိုတော့ ရေပိုကြီးဦးမယ် ထင်တယ်” ဟု လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရန် စောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။

MT News သတင်းဌာနက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသို့ မေးမြန်းထားသည့် အချက်အလက်များအရ ဩဂုတ်လ ၁၀ ရက်အထိ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် မိုးများသောကြောင့် သတိထားကြရန် အဆိုပါဌာနက တိုက်တွန်း သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *