October 18, 2024

MT News

Written by Pan Ei

လူတွေကြားမှာ ခေါင်းမာတယ်ဆိုတဲ့ စကားကို အခြေအနေတော်တော်များများအတွက် တွင်တွင်ကျယ်ကျယ်အသုံးများတတ်ကြသလို အိန္ဒိယက ကိုယ်ခံပညာရှင်တစ်ဦးကိုတော့ နဖူးမာတယ်လို့ ပြောင်းလဲ ပြောဆိုရတော့မလိုပါပဲ။

နာဗန်ကူမာလို့ အမည်ရတဲ့ အသက် ၂၇ နှစ်အရွယ် အိန္ဒိယ ကိုယ်ခံပညာရှင်ဟာ ၁ မိနစ်အတွင်း သစ်ကြားသီးအစိမ်း ၂၇၃ လုံးကို နဖူးနဲ့ ခွဲပြီး သူ့ရဲ့ သက်တမ်းကြာပြိုင်ဘက်ရဲ့ လက်ရှိ ကမ္ဘာ့စံချိန်ကိုချိုးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

နာဗန်ကူမာ ထက်အရင် ကမ္ဘာ့စံချိန်တင်ခဲ့သူဟာ မိုဟာမက် ရာရှစ် ဆိုသူ အိန္ဒိယအမျိုးသားဖြစ်ပြီး သူဟာ ၂၀၁၄ ခုနှစ်က သစ်ကြားသီး အလုံး ၁၅၀၊ ၂၀၁၆ ခုနှစ်မှာတော့ သစ်ကြားသီး အလုံး ၁၈၁ လုံးတို့ကို နဖူးနဲ့ခွဲကာ ကမ္ဘာ့စံချိန် အသီးသီး တင်ခဲ့ပြီး နာဗန်ကူမာ က ၂၀၁၇ ခုနှစ်မှာတော့ သစ်ကြားသီး အလုံး ၂၁၇ လုံး ကို နဖူးနဲ့ ခွဲပြီး ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အဲ့ဒီနှစ်နှောင်းပိုင်းမှာတော့ အီတလီမှာပြုလုပ်တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်စိန်ခေါ်ပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး နာဗန်ကူမာ က သစ်ကြားသီး ၂၃၉ လုံးနဲ့ မိုဟာမက် ရာရှစ် က လက်ရှိစံချိန်ဖြစ်တဲ့ သစ်ကြားသီး ၂၅၄ လုံးကို နဖူးနဲ့ ခွဲပြီး ဂင်းနစ်စံချိန်တင်ခဲ့တာပါ။

အခုအခါ ငါးနှစ်အကြာမှာတော့ နာဗန်ကူမာ က သွေးနဲ့ ချွေးတို့ကို အရင်းခံကာ တစ်စက္ကန့်ကို သစ်ကြားသီး ၄ လုံးခွဲနှုန်းနဲ့ ခွဲပြခဲ့တာဖြစ်ပြီး “ကျွန်တော့်ရဲ့ အရည်အချင်းကို သက်သေပြဖို့အတွက် ကျွန်တော် စံချိန်ကို ထပ်ချိုးခဲ့ပါတယ်” လို့ ဂင်းနစ်စံချိန်တင်မှတ်တမ်းအဖွဲ့ကို သူက ပြောကြားခဲ့ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *