October 18, 2024

MT News

Written By Thandar

အနုပညာနဲ့ပတ်သက်ရင် စွယ်စုံရအနုပညာရှင်လို့ သတ်မှတ်ကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာက အသက် ၅၅ နှစ်ပြည့် Virgo 55 စာအုပ်ထုတ်ဖို့ပြင်ဆင်နေပါတယ်။

“မကြီးကို စာတွေ ရေးဖို့ အရမ်းတိုက်တွန်းခဲ့တာ ဒါရိုက်တာ ဦးမီးပွားပါ။ ရေးပြီပြီးဆိုရင်လည်း သူ့အရင် လာပို့ခိုင်းတယ်။ သူအရင်ဖတ်မယ်။ ဝတ္ထုရဲ့ ပန်းချီဆိုလည်း သူများတွေနဲ့ မတူတာလေး မြှောက်ပေးတာပေါ့။ ကိုနေမျိုးဆေးဆီ မကြီးရောက်ခဲ့တယ်။ မကြီးက ဝတ္တုစာအုပ်တွေ ရေးခဲ့တယ်။ မကြီးရဲ့ တတိယတစ်အုပ်ကတော့ ကိုယ့်ချစ်သူကပေးခဲ့တဲ့ စာပေါ့။ အဲဒီတုန်းကတော့ မကြီးက ချစ်သူရှိတယ်ပေါ့လေ။ သူက စိုးကိုယုံကြည်တယ်။ ယုံကြည်လို့ ခံစားရတယ်ပေါ့။ ကိုယ်ကလည်း ဝတ္ထုရေးနေတဲ့ အချိန်ဆိုတော့ စာအုပ်နာမည် ဘာပေးရမလဲပေါ့။ အဲဒီစာသားကိုယူပြီး ယုံကြည်၍ ခံစားသည်၊ ခံစားရ၍ ယုံကြည်သည် ဆိုပြီး ခေါင်းစဉ်ကောက်ပေးလိုက်တာ သူ့နဲ့ ပြတ်သွားတော့တာပါပဲ။ သူကလည်း ပြောတယ်။ မီဒီယာပေါ်မတင်နဲ့ ပြောပေမယ့် စာသားလေး ကောင်းနေတော့ နာမည်ပေးလိုက်တာပါ”လို့ အကယ်ဒမီ စိုးမြတ်သူဇာက ပြောပါတယ်။

သူမက အသက် ၂၅ နှစ်အရွယ်ကစပြီး ဝတ္ထုတွေ စရေးတာလည်း ဖြစ်ပါတယ်။ ပထမဦးဆုံး အချစ်စစ်စစ်များ၊ မောင့်အတွက်၊ ယုံကြည်၍ခံစားရသည် ခံစားရ၍ယုံကြည်သည်၊ အနားသတ် သစ္စာ၊ ချစ်မိတဲ့ အခါ ၊ Feeling 35 စတဲ့ စာအုပ် ၇ အုပ်ကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အကယ်ဒမီ စိုးမြတ်သူဇာကတော့ အသက် ၅၅ နှစ်ပြည့်ရဲ့ Virgo 55 စာအုပ်ဆိုပြီး ဆက်လက်ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“မကြီး အသက် ၅၅ ပြည့်ရင် စာအုပ်လေးရေးဖို့စာတွေ စုနေပါတယ်။ အသက် ၃၅ တုန်းက ပြောဖူးတယ်လေ။ နောက်နှစ်၂၀ လောက်ဆိုရင် မကြီး ခံစားချက်တွေအများကြီး ပြောင်းလဲသွားနိုင်တယ်။ ပြောင်းလဲသွားရင် မကြီး ရေးမယ်လို့တွေးခဲ့တယ်။ မပြောင်းလဲရင်တော့ မရေးဘူးပေါ့။ မကြီး ဘဝမှာ အများကြီးပြောင်းလဲသွားလို့ မကြီး စာအုပ်လေးထွက်ဖို့ ရေးမှာပါ”လို့ သူမက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာ သရုပ်ဆောင် မြယာကလည်း အကယ်ဒမီ စိုးမြတ်သူဇာရဲ့ ပထမဦးဆုံး အချစ်စစ်စစ်များဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးခွင့်ကို ပထမဦးဆုံး ရရှိထားတာလည်း ဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *