October 18, 2024

MT News

Written By Thandar

Female Rapper နှစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်နဲ့ မိစန္ဒီတို့ရဲ့ Online ပေါ်မှာ ခေတ်စားနေတဲ့ သူဌေးတွေကို ရွေးချိုတတ်သူ‌တွေအတွက် “ဌေးချို-Htay Cho” သီချင်းသစ်ကို ပရိသတ်အားပေးမှု အရမ်းများလို့ ပျော်ပါတယ်လို့ဆိုပါတယ်။

“အမတို့ Online တို့ Facebook တွေသုံးတော့ တွေ့မြင်ရတာတွေကို အဓိက ကုန်ကြမ်းက Online က ရလာတယ်။ ဒီခေတ်နဲ့အညီ သီဆိုဖြစ်တာပါ။တချို့က သူဌေးတွေကို ရွေးချိုကြတာရှိတယ်။ ဌေးချိုကို အနုပညာတစ်ခု ဖန်တီးလိုက်တာပါ။ကိုယ်လည်း အသက်ကြီးလာတော့ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာ ကိုယ်တွေမလုပ်ဖူးတာတွေကို လုပ်ကြည့်မယ်ပေါ့။ အဲဒီ အကြောင်းအရာလေးကို ဌေးချို ဆိုပြီး ဆိုဖြစ်ခဲ့တာပါ။ ညီအစ်မ နှစ်ယောက် ကြိုးစားဖန်တီးထားတဲ့အနုပညာတစ်ခုကို ပရိသတ်က အရမ်းအားပေးကြလို့လည်း အရမ်းပျော်တယ်” လို့ အဆိုတော် စန္ဒီမြင့်လွင်က ပြောပါတယ်။

အဆိုပါ Music Video သီချင်းကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က သရုပ်ဆောင်တွေဖြစ်တဲ့ စိုးပြည့်သဇင် ၊ ချောရတနာ ၊ ယွန်းရွှေရည်၊ ညီညီမောင်(စမ်းချောင်း) ၊ ဟိဏ်းသစ် တို့က ပါဝင်ပြီး ခပ်မိုက်မိုက်လေး သရုပ်ဆောင်ထားကြတာလည်းဖြစ်ပါတယ်။

“မဒီဒီးနဲ့ သီချင်းလုပ်ကြမယ်ပေါ့။ သီချင်း မလုပ်ဖြစ်တာကြာလို့ လုပ်ဖြစ်သွားတာပါ။ ကိုယ်ငယ်ငယ်တည်းက အရမ်းကြိုက်ရတဲ့ Idol ပါ၊ အတူဆိုရတော့လည်း အရမ်းပျော်တယ်။ ကွန်းမန့်တွေကလည်း ရယ်ရတယ်၊ သူတို့ကလည်းပေါက်ကရတေတွေ နောက်ကြတယ်။ ဘာချို၊ ညာချို ဆိုပြီး ဆက်ဆိုဖို့လည်း ပြောကြတာပေါ့။ ဒီသီချင်း တစ်ယောက်နဲ့ တစ်ယောက် ရီသလို လောင်သလိုမျိုးပေါ့။ ဖဲ့တာလည်း ပါတာပေါ့။ တချို့ကတော့ ဌေးချိုမဟုတ်ဘူး ငါ့ကတော့ ယောက်ချိုပေါ့ ယောက်ျားတွေအတွက်ပဲ ချိုတယ်ပေါ့။ အချင်းချင်း နောက်ကြတယ်” လို့ အဆိုတော် မိစန္ဒီက ပြောပါတယ်။

သူတို့က ငယ်စဥ်က အသည်းကွဲသီချင်း၊ အချစ်သီချင်း အပျော်သီချင်းတွေကို သီဆိုခဲ့ပေမယ့် အသက်အရွယ် တစ်ခု တည်ငြိမ်ရင့်ကျက်လာတဲ့အတွက် လူမှုပတ်ဝန်းကျင်က အကြောင်းအရာတွေ သီဆိုဖြစ်လာတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *