October 18, 2024

MT News

Written by Nay Aung

အမေရိကန်အစိုးရသည် ပိတ်ဆို့မှုချမှတ်ခံထားရသော မြန်မာနိုင်ငံရှိဘဏ်နှစ်ခုနှင့် ငွေကြေးလွှဲပြောင်းနေခြင်းအားလုံးရပ်တန့်ရန် စီးပွားရေးလုပ်ငန်းရှင်များကို သတိပေးလိုက်ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ပြီးခဲ့သော ဇွန်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံရှိ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) အပြင် ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို ပစ်မှတ်ထား ပိတ်ဆို့မှုများချမှတ်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလ်လာက အဆိုပါ ဘဏ်နှစ်ခုသည် နစကအဖွဲ့ကို မြန်မာနိုင်ငံမှထွက်ရှိသော ရေနံနှင့်ဓာတ်ငွေ့၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာတို့အပြင်အခြားလုပ်ငန်းများမှ အကျိုးမြတ်များရရှိအောင် လုပ်ဆောင်ပေးနေကြောင်း ပြောဆိုထားသည်။ အမေရိကန်အစိုးရသည် အဆိုပါ ဘဏ်နှစ်ခုကို ပိတ်ဆို့မှုများချမှတ်ထားသော်လည်း စီးပွားရေးလုပ်ငန်းများကို ငွေကြေး လွှဲပြောင်းမှုများ ဆက်လက်လုပ်ကိုင်ရန် လိုင်စင်ကို ဇွန်လကခွင့်ပြုပေးခဲ့ပြီး အဆိုပါ လိုင်စင်သည် သြဂုတ် ၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း သိရသည်။

ထို့အတွက် ဂျိုးဘိုင်ဒန်ဦးဆောင်နေသော အမေရိကန်အစိုးရအနေဖြင့် အဆိုပါဘဏ်နှစ်ခုနှင့် ငွေကြေးလွဲပြောင်းမှုများ လုပ်ဆောင်နေသူများကို ပြစ်ဒဏ်ပေးရန် စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ မက်သရူးမီလ်လာက အမေရိကန်အစိုးရအနေဖြင့် မြန်မာဘဏ်နှစ်ခုအပေါ် ချမှတ်ထားသော အမေရိကန်အစိုးရ၏မူဝါဒများကို ဆန့်ကျင်သောအပြုအမူများ၊ ပိတ်ဆို့မှုကိုရှောင်လွှဲရန် ကြိုးပမ်းမှုများအပါအဝင် MFTB ဘဏ်၊ MICB ဘဏ်နှစ်ခုနှင့် ငွေကြေးအလွှဲအပြောင်းပြုလုပ်နေခြင်းများကို အနီးကပ် ဂရုစိုက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ချက်များ ချိုးဖောက်နေသူများကို သင့်လျော်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

၎င်းက ” အမေရိကန်အစိုးရဟာ နစကရဲ့နိုင်ငံတကာ ဘဏ္ဍာရေးစနစ်နဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကန့်သတ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်သွားမှာဖြစ်တယ်။ မြန်မာပြည်သူတွေအတွက် အမေရိကန်အစိုးရရဲ့ကူညီထောက်ပံ့ပေးမှုများ ယိမ်းယိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။

Ref- — aa

Leave a Reply

Your email address will not be published. Required fields are marked *