October 18, 2024

MT News

Written by Thettant

ကျိုက်ထိုမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၉၆ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၆ ရက်နေ့ ည ၉နာရီခွဲအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မှရေးသို့သွားသည့် ခရီးသည်တင်ယာဉ်ပေါ်ပါ အောင်မင်းထွန်းအား အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ဖမ်းမိမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သည့် ညီညီထွန်း(ခ)ညီညီ အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ညနေ ၅ နာရီအချိန် စံလင်းနှင့် ထွန်းနိုင်မိုးတို့အား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးတွင် အိုက်စ် ၁ ကီလို၊ Honda Fit မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခွဲအချိန် ဖမ်းမိတရားခံ ထွန်းနိုင်မိုး ငှားရမ်းနေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ နေအိမ်တွင် အောင်ကိုဦးနှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို ဖမ်းဆီးမှုများမှ စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၉၆ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၅ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *