October 19, 2024

MT News

ဘုန်းလင်္ကျာ (မင်းဘူး)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့ရှေးဟောင်းယဉ်ကျေးမှု့နယ်မြေမှ တိမ်မြှုပ်ပျောက်ကွယ်နေသည့် ရှေးဟောင်းရုပ်စုံကျောင်းကြီးအား ပြန်လည်ပြုပြင်ကာထိန်းသိမ်းသင့်ကြောင်း စကုမြို့နေဒေသခံသမိုင်းသုတေသီဦးဇော်မျိုးဦးက အကြံပြုသည်။

စကုမြို့ရှိ ရှေးဟောင်းရုပ်စုံကျောင်းတော်ကြီးကို ကုန်းဘောင်ခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလှုရှင်မှာ စလင်းမြို့မှသူကောင်းမျိုးများဖြစ်သော ဦးသိုက်၊ဒေါ်ရိုး သားသမီးများဖြစ်ကြသည့် ဦးခင်မောင်ဆက်-ဒေါ်ဝန်၊ ဦးမောင်မောင်-ဒေါ်လုံး၊ ဦးစိန်ရိုး-ဒေါ်လေးလေး မိသားစုတို့မှ ကျောင်းကြီးအားအစဉ်အဆက်ပြုပြင်လှုဒါန်းခဲ့တာဖြစ်ကြောင်းသိရသည်။

This image has an empty alt attribute; its file name is 366211618_156061200844696_2903023298652522602_n.jpg

“အခုလက်ရှိ သုံးထပ်ရုပ်စုံကျောင်းကြီးမှာ မူလကျောင်းဟောင်းကိုပြုပြင်ပြီး ဆောက်ထားတဲ့ကျောင်းဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း ရှေးဟောင်းကျွန်းဘုန်းတော််ကြီးဖြစ်လို့ ရှားပါးတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ကျောင်းကြီးမှာ ပြသာဒ်ဆောင်၊ စနာဆောင်၊ ဇေတဝန်ဆောင်တို့ကို တွဲဆောက်လုပ်ထားတဲ့ ကျွန်းသားကျောင်းကြီးဖြစ်ပြီး အတွင်းပိုင်းမှာ အမွမ်းအပြောက်များစွာတပ်ဆင်ထားသလို ကျောင်းကြီးရဲ့ထူးခြားချက်က ဝရံတာနဲ့လက်ရန်းတို့မှာ အပြွတ်လိုက်ထွင်းထုထားတဲ့ ဗုဒ္ဓဝင်ဇာတ်တော်တွေနဲ့ ဇာတ်တော်လာအရုပ်များစွာကို တစ်ရုပ်ချင်းပုံဖော်ထားခြင်းက ကျောင်းတော်ကြီးကိုတစ်မျိုးစွဲဆောင်မှုရှိစေပါတယ်။ ရုပ်စုံကျောင်းကြီးဟာ နှစ်ပေါင်းကြာလာတော့ ပျက်စီးမှုတွေလည်းရှိနေပါတယ်။ အဲဒါကြောင့် ကျောင်းတော်ကြီးပျက်စီးနေမှုကိုအချိန်မီပြုပြင်ထိန်းသိမ်းသင့်ပါတယ်” ရှေးဟောင်းသုတေသီဦးဇော်မျိုးဦးက ပြောသည်။

ရှေးဟောင်းရုပ်စုံကျောင်းကြီးတွင် အဓိကအနေဖြင့် တောထွက်ခန်း၊ ဝိဓူရဇာတ်ကွက်များ၊ လူနေမှုနှင့်ကခုန်တီးမှုတ်ဟန်တို့ကိုဖော်ပြသော အရုပ်များကိုပုံဖော်ထားပြီး ကုန်းဘောင်ခေတ်၏ဝတ်စားဆင်ယင်မှုနှင့်ဆံပင်ပုံစံများ စသည့်တို့ကိုလေ့လာနိုင်သည်။ ရုပ်စုံကျောင်းကြီး၏ ကျောင်းထိုင်ဆရာတော်အစဉ်အဆက် မှတ်သားမှုအရ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ်တွင် ပြန်လည်တည်ဆောက်ထားကြောင်း၊ ပုရပိုက်မှတ်တမ်းတစ်ခုအရလည်းမှာ ၁၂၈၇ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်နေ့တွင် ပြန်လည်တည်ဆောက်ခဲ့ကြောင်းကို ၎င်းကပြောပြသည်။

This image has an empty alt attribute; its file name is 366153203_156061217511361_4309689457501549471_n.jpg

စကုမြို့ရှိ ကျွန်းသားရုပ်စုံကျောင်းတော်ကြီးကို ကျွန်းသားတိုင်ပေါင်း ၁၇၂ တိုင်ဖြင့်တည်ဆောက်ကာ ဆောက် လုပ်ခဲ့သည့်လက်သမားဆရာကြီးမှာ ဦးထွန်းကြိုင်ဖြစ်ပြီး ကျောင်းရှိတိုင်လုံးပေါင်းကို ဦးထွန်းကြိုင်ဟုအလွယ်မှတ်သားထားကြောင်း သိရသည်။

“ရုပ်စုံကျောင်းတော်ကြီးကို ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းပြုပြင်ဖို့ သတ်မှတ်ရွေးချယ်တဲ့အထဲပါတယ်။လောလောဆယ် ဆရာတော်၊ သံဃာတော်တွေသီတင်းသုံးနေထိုင်နေတဲ့အတွက် ထိန်းသိမ်းသည့်သူတွေရှိနေတယ်ပေါ့။ ဌာနရဲ့ ဦးစားပေးအချက်(၇)ချက်နဲ့ကိုက်ညီတာတွေကို အရေးပေါ်ထိန်းသိမ်းဖို့ရှိပါတယ်”ဟု မကွေးတိုင်းဒေသကြီး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *