၇. ၈. ၂၀၂၃
Written by Peya
မလေးရှားနိုင်ငံတွင် ဇူလိုင်လနှင့်ဩဂုတ်လအတွင်း အဖမ်းအဆီးနှင့် အစစ်အဆေး ကြမ်းနေပြီး အထောက်အထားမဲ့သည့်အမှုအပြင် အခြားအမှုများဖြင့်လည်း မြန်မာနိုင်ငံသားများ အဖမ်းခံနေရကြောင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများထံက စုံစမ်း သိရသည်။
ဇူလိုင်လအတွင်းနှင့် သြဂုတ်လဆန်းပိုင်းက စတင်၍ မလေးရှားတွင် အဖမ်းအဆီး များနေခြင်းဖြစ်ကာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ဖမ်းဆီးသကဲ့သို့ အရက်သောက်စားရာက ဖြစ်လာသည့် ရန်ပွဲကြောင့် သေဆုံးမှုများရှိသည့်အတွက်လည်း မြန်မာနိုင်ငံသားများ အဖမ်းနေရသည့် ဖြစ်စဉ်များ ရှိနေသည်ဟု မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။
“အခုက အဖမ်းခံနေရတာ များတယ်လို့ ပြောရမယ့် ကာလ။ အဖမ်းအဆီးကြမ်းတဲ့ကာလပေါ့နော်။ အခု ဖမ်းခံရတဲ့ မြန်မာနိုင်ငံသားထဲမှာဆို ညဘက် ကေတီဗွီကို သွားလို့ အဖမ်းခံရသူတွေ ပါသလို အိမ်ထဲမှာ အုပ်စုဖွဲ့ပြီး မွေးနေ့ပါတီလုပ်တာ အရမ်းဆူလို မခံနိုင်တာကြောင့် ရဲတိုင်လို့ အဖမ်းခံရသူတွေလည်း ရှိတယ်ဟု ၎င်းက ဆိုသည်။
အချို့သော ဖြစ်စဉ်များတွင် မိသားစုက အကူအညီ တောင်းခံသည့်အတွက် ရဲစခန်းကို သွားရောက်တောင်းပန်သောအခါ တာဝန်ကျ မလေးရှားရဲက စားသောက်ဆိုင်များတွင် ဖြစ်သော ပြဿနာများတွင် မြန်မာနိုင်ငံသားများ ပါဝင်သည်ကို တွေ့ရကြောင်းနှင့် ဖမ်းသောအခါတွင်လည်း နေထိုင်ခွင့်ကတ်အတု ကိုင်ဆောင်သူများ ပါသည်ကို တွေ့ရသည်ဟု ပြောကြားသည်ကို ခံလိုက်ရကြောင်းလည်း ၎င်းက ဆိုသည်။
“နောက်ပိုင်းမှာက ပါမစ် ရှိရှိ၊ မရှိရှိ၊ ယူအန်ကတ် ရှိရှိ၊ မရှိရှိ ဖမ်းပြီးရင် အချုပ်ခန်းထဲ နှစ်ပတ်ထားပြီး တရားစွဲတယ်။ ပြောရမယ်ဆို ပြဿနာထဲပါရင် အချုပ်ခန်းမှာ ၂ ပတ်တော့ နေရတဲ့ သဘောပါ” ဟုလည်း အထက်ပါ မြန်မာနိုင်ငံသားက ရှင်းပြသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း မလေးရှားတွင် တရားမဝင်နေထိုင်နေသည့်မြန်မာနိုင်ငံသား ၁၀၈ ဦးအထက် ဖမ်းဆီးခံထားရပြီး ထိုသို့ဖမ်းဆီးခံရခြင်းမှာ မလေးရှားပြည်သူများ၏ တိုင်ကြားမှုကြောင့်ဖြစ်ကြောင်းလည်း သိရသည်။