၇. ၈. ၂၀၂၃
Written by Tha Doe
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကော့ကရိတ်- မြ၀တီလမ်းပိုင်း တောနော်ရေတံခွန်အနီး အာရှလမ်းမကြီးမှာ မိုးကြီးပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တောင်ကျရေများပြီး တောင်ပြိုကျရာကနေ လမ်းကိုပါတိုက်စားပြီး ပြိုကျသွားတဲ့သဘောပဲ။ လက်ရှိနယ်မြေအနေအထားအရရော၊ ရာသီဥတုကြောင့်ပါ ဒီလမ်းပိုင်းက ပြန်ပြင်ဖို့တော့ မလွယ်လောက်ဘူး”ဟု မြ၀တီ- ရန်ကုန်ယာဉ်မောင်းတစ်ဦးက ဆိုသည်။
အဆိုပါ လမ်းပိုင်းတစ်ခုလုံးပြတ်တောက်ပြိုကျမှုမှာ ယနေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းပိုင်းတစ်ခုလုံး ပြတ်တောက်ပြိုကျသွားသည့်အတွက် ယာဉ်အစီးရေရာနှင့်ချီ ပိတ်မိနေသည်ဟုလည်း သိရပြီး ကုန်စည်စီးဆင်းမှု ကာလကြာရှည်ပြတ်တောက်နိုင်သည့်အခြေအနေလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း မုတ်သုန်လေ အားကောင်းနေသည့်အတွက် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံခြင်း ဖြစ်စဉ် ပိုဖြစ်လာနိုင်သောကြောင့် သတိထားရမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက MT News သတင်းဌာနသို့ ပြောကြားထားသည်။ (Photo- CJ)