MT News
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဝစ်ကွန်ဆင်ပြည်နယ်၊ မွန်ရိုးခရိုင်အတွင်းရှိ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ အမျိုးသမီးဆရာမဟောင်းတစ်ဦးဖြစ်သော အသက် ၇၄ နှစ်အရွယ် အန်နီ နယ်လ်ဆန်ကို့ရှ်မှာ ၎င်းဆရာမ အဖြစ် စာသင်ကြားခဲ့စဉ် အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးနှင့် လိင်ဆက်ဆံမှုများပြုလုပ်ခဲ့သောကြောင့် တရားစွဲခံရပြီးနောက် ပြစ်ဒဏ် နှစ် ရာနှင့်ချီ၍ ကျခံရမည့်ဖြစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
၎င်းက Tomah ပုဂ္ဂလိကကျောင်း၌ စာသင်ကြားခဲ့စဉ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း အသက် ၁၄ နှစ်ရှိ ၎င်း၏တပည့်တစ်ဦးကို ကျောင်း၏မြေအောက်ခန်းအတွင်းခေါ်၍ မသင့်တော်သည့်လိင်ဆက်ဆံမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သောကြောင့် ဇူလိုင် ၃၁ ရက်တွင် အမှု ၂၅ မှုအတွက် စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။
ထိုအချိန်က နယ်လ်ဆန်ကို့ရှ် မှာ အသက် ၆၇ နှစ်ရှိပြီး ကျောင်းသားမှာ အသက် ၁၄ နှစ်သာရှိသေးသည်။
တရားသူကြီးများက သုံးနာရီကြာတရားရုံးစစ်ဆေးမှုအပြီး ငါးနာရီကြာ စဉ်းစားချင့်ချိန်မှုပြုခဲ့ကြကြောင်း လည်း သိရသည်။ တရားသူကြီးအဖွဲ့က ၎င်းအား GPS Monitor ခေါ် မည်သည့်နေရာတွင် ရှိနေသည်ကို သိနိုင်ရန် ကိရိယာကို ခြေကျင်းဝတ်တွင် ဝတ်ဆင်၍ စီရင်ချက်ချမည့် အောက်တိုဘာ ၂၇ ရက်အထိ လွှတ်ပေးထားမည်ဟုဆိုသည်။
နယ်လ်ဆန်ကို့ရှ် အနေဖြင့် ဆယ်ကျော်သက်ရွယ်တစ်ဦးကို ဤကဲ့သို့မတရားဆက်ဆံမှုပြုခဲ့ခြင်းအတွက် အပြစ်ရှိကြောင်းထင်ရှားလျှင် ထောင်ဒဏ် နှစ် ၆၀၀ အထိ ကျနိုင်ကြောင်းသိရသည်။
Ref-Fox News