MT News
Written by Tha Doe
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၉ ဘီလျံ ကျော်ရှိခဲ့ပြီး တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ အချက်အလက်များအရမူ ယင်းကာလအတွင်း တရုတ်နှင့် မြန်မာအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၆ ဘီလျံကျော်ရှိနေသဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံထုတ်ပြန်ချက်များအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးကွာဟချက်မှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံနီးပါးရှိနေသည်ဟု အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းများ၏ထောက်ပံ့မှုဖြင့် တရုတ်နိုင်ငံကို အထူးပြုစောင့်ကြည့်သော ကိုမင်းဇင်တို့၏ ISP မြန်မာ သုတေသနလေ့လာချက်တွင် ဖော်ပြထားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလျံနီးပါးရှိသည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံကျော်ရှိသည်။ ယင်းမှာ စုစုပေါင်းကုန်သွယ်မှု၏ ၂၇ ရာခိုင်နှုန်းကျော်ဖြစ်သည်။ ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ခြောက်ဘီလျံနီးပါးရှိကာ စင်ကာပူနိုင်ငံက ၄ ဒသမ ၆ ဘီလျံကျော်ဖြင့် တတိယဖြစ်သည်။ ထိပ်တန်းကုန်သွယ်ဖက် ၁ဝ နိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇ ဘီလျံကျော်ရှိပြီး စုစုပေါင်းကုန်သွယ်မှု၏ ၈၁ ရာခိုင်နှုန်းကျော်ရှိနေသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုစုစုပေါင်းပမာဏသည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ ဘီလျံကျော်ရှိသည်။ ထိုအထဲတွင် သကြား၊ အဝတ်အထည်၊ လက်ဝတ်ရတနာနှင့် သဘာဝဓာတ်ငွေ့တို့ပါဝင်သည့် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနီးပါးရှိသည်။ ထိုပမာဏသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် တိုးလာခြင်းဖြစ်သည်။ သို့သော် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော် လျော့နည်းခဲ့ပြီး သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုနှင့် အခြားကုန်စည် တင်ပို့မှုများတွင်လည်း လျော့ကျခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်နေသည့် နိုင်ငံလေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရှိသည်။ ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှုမှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံကျော်ရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် တိုးလာခဲ့သည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုမှာ ဒုတိယအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော်ရှိကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော် လျော့နည်းသွားသည်ဟု ISP ၏ လေ့လာမှုက ဖော်ပြသည်။